ရှမ်းပြည်ထဲ အစိုးရတပ် ကျူးလွန်တာတွေ စုံစမ်းဖို့ အမေရိကန် တောင်းဆို

  • 4 ဒီဇင်ဘာ 2015
shan_refugees ဓာတ်ပုံ မူပိုင် AFP
Image caption ဖြစ်ပေမယ့် စစ်ပြေး ဒုက္ခသည်တွေ ကတော့ နေရပ်ရင်း ကို ပြန်ဖို့ ကြောက်ရွံ့နေကြ ဆဲ။

ရှမ်း လူ့အခွင့်အရေး ဖောင်ဒေးရှင်း က နေ အစီရင်ခံစာ ထုတ်ပြီး စွပ်စွဲ ထားတဲ့ ရှမ်းပြည်နယ် ထဲ အစိုးရ စစ်တပ် ရဲ့ ကျူးလွန် မှု တွေ ကို မြန်မာ အစိုးရ အနေနဲ့ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှု တွေ ပြုလုပ် ပါ ဆိုပြီး အမေရိကန် က တောင်းဆို လိုက်ပါတယ်။

အစိုးရ စစ်တပ်ဟာ စာသင်ကျောင်းတွေ နဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ ရှိရာ နေရာ တွေ ကို ပါ ဗုံးကြဲ ခဲ့ပြီး၊ အရပ်သား တွေ ကို ပစ်မှတ်ထား ပစ်ခတ်တာတွေ၊ မုဒိန်းကျင့် တာတွေ လုပ်ဆောင် ခဲ့တယ် လို့ ရှမ်း လူ့အခွင့်အရေး ဖောင်ဒေးရှင်း က စွပ်စွဲ ထားတာ ဖြစ်ပါတယ်။

အဲဒီ့ စွပ်စွဲမှုတွေ မှန်ကန်မှု ရှိ မရှိကို စုံစမ်းပြီး အပြစ်ရှိသူတွေ ကို အရေးယူပေးဖို့ တောင်းဆိုတယ် လို့ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ပြောခွင့်ရ ကထီးနား အဒမ်စ် က ပြောပါတယ်။

မြန်မာ အစိုးရ ဘက်ကတော့ အဲဒီ့ တောင်းဆိုမှု အပေါ် မတုံ့ပြန် သေးပါဘူး။

တခါ၊ အစိုးရတပ်နဲ့ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA အကြား အပြင်းအထန် တိုက်ပွဲ တစ်လ ကျော် ဖြစ်ခဲ့တဲ့ အတွက် မိုင်းရှူးနဲ့ ကျေးသီး မြို့နယ် ထဲမှာ ဒုက္ခသည် ထောင်ကျော် သောင်တင် နေရဆဲ ဖြစ်တယ်လို့ ဒုက္ခသည် အရေး ကူညီ ဆောင်ရွက် နေသူတွေ က ပြောပါတယ်။

မြို့ပေါ်မှာ စာသင်ကျောင်းတွေ ပုံမှန် ပြန်ဖွင့် နိုင်ပြီး ဖြစ်ပေမယ့် စစ်ပြေး ဒုက္ခသည်တွေ ကတော့ နေရပ်ရင်း ကို ပြန်ဖို့ ကြောက်ရွံ့နေကြ ဆဲ ဖြစ်တဲ့ အတွက် ကျေးရွာ တွေ မှာတော့ ကျောင်းတွေ ပိတ်ထား ရဆဲ ဖြစ်တယ် ဆိုပြီး တော့လည်း ဒုက္ခသည်တွေ ကို ကူညီနေတဲ့ မိုင်းရှုးမြို့ခံ နန်းဟိန်စန်း က ဆိုပါတယ်။

ပြီးခဲ့တဲ့ လ နိုဝင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက် နေ့ တုန်းက အစိုးရ နဲ့ SSPP ကိုယ်စားလှယ် တွေ တွေ့ဆုံ ပြီး ၅ ရက် အတွင်း အကော်အထည် ဖော်ဖို့ မူအားဖြင့် သဘောတူ ထားတဲ့ အချက် ၆ ချက် ရှိ ပါတယ်။

အခုဆိုရင် ဆွေးနွေးပွဲ ပြီး ခဲ့တာ သီတင်း တစ်ပတ် ကျော် ကြာ ခဲ့ပြီ ဖြစ်ပေမယ့် နှစ်ဘက်တပ်တွေ ကြား ထိတွေ့ ပစ်ခတ်မှု ရပ်နေတာ က လွဲပြီး ဒေသခံတွေ နေရပ်ရင်း ပြန်နိုင်ရေး နဲ့ ပိတ်ထားရတဲ့ စာသင်ကျောင်းတွေ ပြန်ဖွင့်နိုင်ရေး ကိစ္စတွေ ကို အကောင်အထည် ဖော်တာ မတွေ့ရပါဘူး။

ဒါ့အပြင် ဆိုင်ထားတဲ့ နှစ်ဘက်တပ်တွေ နောက်ပြန်ဆုတ်ပြီး တပ်နေရာ ချ ထားရေး ကိစ္စ အပေါ် တိကျတဲ့ အဖြေ ထွက် မလာ သေးဘူး လို့ SSPP/SSA ရဲ့ တာဝန်ခံ ဗိုလ်မှုးကြီး စပ်ပိန်ဖ က ပြောပါတယ်။

ဒါ့ကြောင့် လုံခြုံရေး အာမခံချက် မရှိပဲ နဲ့တော့ စစ်ပြေး ဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်ဖို့ မဖြစ်နိုင် သေးဘူး လို့လည်း ဗိုလ်မှုးကြီး စပ်ပိန်ဖ က ဆိုပါတယ်။

လတ်တလော မိုင်းရှူးနဲ့ ကျေးသီး မြို့နယ်တွေက ယာယီ ဒုက္ခသည် စခန်းတွေမှာ စစ်ဘေး ရှောင်နေရသူ ဦးရေ ၆ထောင်ထက် မနည်းရှိပြီး လက်ရှိ အနေအထား မှာတော့ သူတို့ အတွက် ရိက္ခာ တလစာ လောက်တော့ အဆင်ပြေ နိုင် ပေမယ့် ရေရှည်မှာတော့ အကူအညီ အများကြီးလိုအပ်မယ် လို့ ဒုက္ခသည် အရေး ကူညီ ဆောင်ရွက် နေသူတွေ က စိုးရိမ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ