ဒုက္ခသည် ၆ သိန်းအတွက် အကူအညီလိုအပ်

  • 3 ဒီဇင်ဘာ 2015
Shan Refugees ဓာတ်ပုံ မူပိုင် AFP
Image caption ရှမ်းပြည်နဲ့ ကချင် ပြည်နယ်အတွင်းတိုက်ပွဲတွေ ရှိနေသေးလို့ စစ်ရှောင် ဒုက္ခသည်တွေများလာ

မြန်မာနိုင်ငံမှာ သဘာဝဘေးဒုက္ခ ခံစား နေရသူတွေ၊ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေ ကြောင့် တိမ်းရှောင်နေရ သူတွေကို လာမယ့် ၂၀၁၆ ဇွန်လအထိ ကူညီနိုင်ဖို့ ဒေါ်လာသန်း ၄၀ လောက်လိုနေတယ် လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာန ကိုယ်စားလှယ် မစ္စတာ Dom Scalpelli က ပြောပါတယ်။

အဲဒီလို ဒုက္ခရောက်နေသူ ၆သိန်း လောက်ကို ထောက်ပံ့ဖို့ ရန်ပုံငွေ လိုအပ်နေတာဖြစ်ပြီး နိုင်ငံတကာ အလှူရှင်တွေဆီက အလှူငွေ မရရင် သူတို့ရဲ့ ကူညီရေး လုပ်ငန်းတွေကို ရပ်တန့် ရတော့မယ်လို့ WFP က ပြောပါတယ်။

ဒုက္ခသည် အများစုဟာ ရေဘေး ဒဏ်ခံခဲ့ရ တဲ့ မြန်မာပြည် အထက်ပိုင်းက ဒေသတွေနဲ့ စစ်ပွဲတွေ ဖြစ်နေတဲ့ နိုင်ငံမြောက်ပိုင်းက ဒေသကလူတွေ ပါဝင် ပါတယ်။

WFP ဌာနေ ကိုယ်စားလှယ် ကတော့ ရေကြီးတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အထက်ပိုင်း ဒေသကလူ ၄သိန်း ကျော်လောက်ကို ထောက်ပံ့ ပေးနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ ရခိုင် ဒေသဖက်က လူတွေလည်း ပါဝင်ပါတယ်။

ကချင်နဲ့ ရှမ်းပြည်နယ်တို့မှာလည်း ၂၀၁၁ ခုနှစ် လောက်ကတည်းက စပြီး ထောက်ပံ့ ပေးခဲ့တာ ဖြစ်ပြီး ကချင်ပြည်နယ် မှာတော့ အစိုးရ ခွင့်ပြု ပေးတဲ့ နေရာတွေ အထိ အကူအညီ ရောက်တယ်လို့ ဌာနေ ကိုယ်စားလှယ်က ပြောပါတယ်။

အခုအခါမှာ သဘာဝဘေး ဒုက္ခ အသစ်တွေ မကြုံရ ပေမဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် ဘက်မှာ စစ်ပွဲတွေ ရှိနေတုန်း ဖြစ်လို့ အခု ရက်ပိုင်းမှာ ရှမ်းပြည်နယ် အတွင်း စစ်ဘေးရှောင် ဒုက္ခသည် သောင်း ဂဏန်းထိ ရောက်လာပြီး အကူညီတွေ ပိုလိုအပ်တယ်လို့ လည်း သူက ပြောပါတယ်။

တကယ်လို့ တောင်း ခံထားတဲ့ ရန်ပုံငွေ အချိန်မီ မရရင် ဒါမှ မဟုတ် လိုအပ်တဲ့ ငွေထက် လျော့ပြီး ရရင်တော့ အစိုးရနဲ့ ဆွေးနွေးပြီး လက်ရှိ အကူအညီပေး နေတဲ့အထဲ က အသက် ရှင်သန်ရေးအတွက် အရေးပေါ် အစားအသောက် လိုအပ်တဲ့ နေရာတွေကို ပထမ ဦးစားပေး ကူညီသွားမယ်လို့ WFP ဌာနေ ကိုယ်စားလှယ် မစ္စတာ Dom Scalpelli က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ