စစ်တပ်နဲ့ ပတ်သက်နေတာကိုလည်း စုံစမ်းခဲ့တယ်လို့ လူ့အခွင့်အရေး ကော်မရှင် ပြော

  • 4 ဒီဇင်ဘာ 2015
pargyi ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုပါကြီး အမှုမှာ လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ စစ်ဘက် အရာရှိ တွေ အပါအဝင် တပ်မတော် သား တွေ ကို စစ်ဆေး ခဲ့တယ် လို့ ဆို။

မြန်မာ နိုင်ငံ လူ့ အခွင့်အရေး ကော်မရှင် အနေနဲ့ စစ်တပ် နဲ့ ပတ်သက် နေတဲ့ ကိစ္စတွေ ဆိုရင် လွတ်လပ်ပြီး ထိရောက်တဲ့ စုံစမ်း စစ်ဆေးမှု တွေ မပြုလုပ် နိုင် ဘူး ဆိုတဲ့ ပြည်တွင်း ပြည်ပ အဖွဲ့ အစည်းတွေ ရဲ့ စွပ်စွဲချက် တွေ ကို ကော်မရှင် က ငြင်းဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ် အောက်တိုဘာ လတုန်း က သေဆုံးခဲ့တဲ့ အလွတ် သတင်းထောက် ကိုပါကြီး အမှုကို ဥပမာ ပေးပြီး လူ့ အခွင့်အရေး ကော်မရှင် အနေနဲ့ ကွင်းဆင်း စုံစမ်းတဲ့ အခါ စစ်ဘက် အရာရှိ တွေ အပါအဝင် တပ်မတော် သား တွေ ကို စစ်ဆေး ခဲ့ပြီးတပ်မတော် ဘက် က ဘယ်လို့ ကန့်သတ် တာမျိုး မှ မလုပ် ခဲ့ဘူး လို့ ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းက ဘီဘီစီ ကို ပြောပါတယ်။

စစ်တပ် က ပြုလုပ် ထားတဲ့ မြေသိမ်းယာသိမ်း ကိစ္စတွေ မှာ ဆိုရင်လည်း ကာကွယ်ရေး ဝန်ကြီး ဌာန ဆီကနေ အကျိုး အကြောင်း အထောက်အထား တွေ ကို မေးမြန်း တာ မျိုးတွေ ပြုလုပ် ခဲ့တယ် လို့ ဦးဇော်ဝင်း က ပြောပါတယ်။

ဒါ့အပြင် ကော်မရှင် အပေါ်မှာ အစိုးရ ဘက်က စွက်ဖက် တာမျိုး မလုပ်ဘူး ဆိုပြီးတော့လည်း ဦးဇော်ဝင်း က ဆိုပါတယ်။

ဒါပေမယ့် ပြည်တွင်း အရပ်ဘက် အဖွဲ့ တွေ နဲ့ အာရှ ဒေသတွင်း လူ့ အခွင့်ဆိုင်ရာ အဖွဲ့ တို့ ကတော့ မြန်မာ နိုင်ငံ လူ့ အခွင့်အရေး ကော်မရှင် ရဲ့ လုပ်ကိုင် နိုင်စွမ်း အပေါ် ဝေဖန် နေကြပါတယ်။

အထူး သဖြင့် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသား ဒေသ တွေ မှာ စစ်တပ်က နေ ကျူးလွန် တယ် ဆိုပြီး စွပ်စွဲ နေကြတဲ့ ကိစ္စတွေ အပေါ် ကော်မရှင် ဘက်က ဘာမှ အရေးယူ ဆောင်ရွက် တာမျိုး မလုပ်ဘူး ဆိုတဲ့ ဝေဖန် ပြော ဆိုမှုတွေ ရှိပါတယ်။

ဒီဇင်ဘာ ၄ ရက် သောကြာ နေ့ တုန်း ကတော့ မြန်မာ နိုင်ငံ လူ့ အခွင့်အရေး ကော်မရှင် က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ ပြီး သူတို့ အနေနဲ့ အခုနှစ် အောက်တိုဘာ လ အထိ ပြည်တွင်း တိုင်ကြားစာ ၁၄၅၁ မှု နဲ့ ပြည်ပ ၂၁၉၉ မှု လက်ခံ ရရှိ ခဲ့ ပြီး အဲဒီ့ထဲက ၈၀% ကို ကိုင်တွယ် ခဲ့တယ် လို့ ပြောသွား ပါတယ်။

မီဒီယာ ပေါ် ရောက်လာလို့ လူအများ သိကြတဲ့ မုဒိမ်းကျင့် သတ်ဖြတ် ခံရတဲ့ ကချင် ကျောင်းဆရာမ ၂ ဦး ကိစ္စ၊ လက်ပံတန်း မှာ ကျောင်းသားတွေ အကြမ်းဖက် ဖြိုခွဲ ခံရတဲ့ ကိစ္စတွေ ကိုလည်းကော်မရှင် က စုံစမ်းပြီး သက်ဆိုင်ရာ ပြည်ထဲရေး ဌာန ကို အကြံပြု ထားတာ တွေ ရှိတယ် လို့ ဦးဇော်ဝင်း က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ