ကျောက်စိမ်းလုပ်ငန်းတချို့ ဝေရှောက်ခန် ချုပ်ကိုင်ထား

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ကျောက်စိမ်းကုမ္ပဏီ ၅ခုကို ဝေရှောက်ခန်က နောက်ကွယ်ကနေ ထိန်းချုပ်ထားတယ်ဆိုတဲ့ အထောက်အထားတွေ ရှိတယ်လို့ဆို

မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းလုပ်ငန်း တချို့ကို မူးယစ်ရာဇာ ဝေရှောက်ခန်က နောက်ကွယ်ကနေ ထိန်းချုပ်ထားတယ် ဆိုပြီး Global Witness အဖွဲ့က သတင်း ထုတ်ပြန် လိုက်ပါတယ်။

ဝေရှောက်ခန်ကို ဖမ်းမိရင် ဆုငွေ ဒေါ်လာ ၂သန်းပေးမယ်လို့ အမေရိကန် အစိုးရက ဆုငွေထုတ်ထားပါတယ်။

ကျောက်စိမ်းလုပ်ငန်းမှာ အလုပ်လုပ်နေသူတွေ၊ ဒေသခံတွေ၊ ကျွမ်းကျင်သူတွေ ၊ အစိုးရ တာဝန်ရှိသူတွေ အပါအဝင် လူ ၄၀၀လောက်ကို Global Witness အဖွဲ့က မေးမြန်း လေ့လာခဲ့သလို ပြည်သူလူထု တွေ့ခွင့်မရတဲ့ လုပ်ငန်းခွင့်ပြု လိုင်စင်တွေ၊ အစိုးရနဲ့ သဘောတူစာချုပ်တွေ၊ ကုမ္ပဏီ မှတ်တမ်းမှတ်ရာတွေ စတဲ့ အထောက်အထားတွေကိုလည်း ရထားကြောင်း၊ ဒါတွေကို ပေါင်းစပ်လေ့လာလိုက်တဲ့အခါ ဝေရှောက်ခန် ဟာ ဖါးကန့် ကျောက်စိမ်းကုမ္ပဏီကြီးတချို့ကို ကြီးစိုး ချုပ်ကိုင်ထားတယ် ဆိုတာကို တွေ့ခဲ့ရကြောင်း Global Witness အဖွဲ့ရဲ့ အာရှရေးရာ ဒါရိုက်တာ Mike Davis က ဘီဘီစီကို ပြောပါတယ်။

အကြမ်းဖက်သမားတွေ၊ မားဖီးယားဂိုဏ်းတွေ၊ မူးယစ်မှောင်ခိုတွေ၊ လက်နက်မှောင်ခိုတွေ လုပ်လေ့ ရှိတဲ့နည်းအတိုင်း ဝေရှောက်ခန်ကလည်း ဟန်ပြကုမ္ပဏီတွေနဲ့ လုပ်နေတာ ဖြစ်ပြီး သူ့အမည်ကိုတော့ တရားဝင် အထောက်အထား စာရွက်စာတမ်းတွေထဲမှာ ထည့်ထားတာ မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် သူ့ကုမ္ပဏီတွေအတွက် လုပ်ပေးနေတဲ့ လူအတော်များများဟာ လွန်ခဲ့တဲ့နှစ် အတော်များများ လောက်တုန်းက အမေရိကန် အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့တာ ခံထားရတဲ့ ဟုန်ပန်း ကုမ္ပဏီစုထဲမှာ ပါတဲ့ လူတွေပဲ ဖြစ်ပြီး အမေရိကန် အစိုးရရဲ့ အရေးယူမှုကနေ လွတ်အောင် ကုမ္ပဏီ အမည်အသစ်၊ လူအမည်အသစ်တွေနဲ့ ပြောင်း လုပ်ကိုင်ခဲ့ကြောင်းနဲ့ တကယ်တမ်းမှာတော့ ဒီကုမ္ပဏီတွေကို ဝေရှောက်ခန် ကပဲ ထိန်းချုပ်ထားတာ ဖြစ်ကြောင်း အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

မြန်မာအစိုးရကလည်း အဲဒီကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ငန်းတွေ လုပ်နေတာမို့ ဒီကိစ္စကို မြန်မာ အစိုးရဘက်ကလည်း မသိမဟုတ် သိနေတယ်လို့ Mike Davis က ပြောပါတယ်။

ဝေရှောက်ခန်ရဲ့ ကျောက်စိမ်း ကုမ္ပဏီကြီး ၅ခုကို ကိုယ်စား လုပ်ပေးနေတယ် ဆိုတဲ့ ဇော်ဘိုခန့် ဟာ Caterpilla ဆိုတဲ့ အမေရိကန် စက်ပစ္စည်း ကုမ္ပဏီကြီးနဲ့ နီးစပ်တဲ့ ဆက်နွယ်ပတ်သက်မှုတွေ ရှိနေတာကို လေ့လာတွေ့ရကြောင်း၊ တကယ်တမ်းမှာ ဇော်ဘိုခန့်ဟာ အမေရိကန် အစိုးရရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေထဲမှာ ပါတဲ့ ဟုန်ပန်း ကုမ္ပဏီကြီးအတွက် လုပ်ကိုင်ပေးခဲ့တယ်ဆိုတာ လူတိုင်း သိကြပေမယ့် Caterpilla ကုမ္ပဏီက သူ့ရဲ့ နောက်ကြောင်း ရာဇဝင်ကို လေ့လာခဲ့ပုံ မတွေ့ရကြောင်း သူက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းလုပ်ငန်း ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ငန်းစဉ်တွေကို မကြာခင် တက်လာမယ့် အစိုးရသစ်နဲ့ နိုင်ငံတကာက မိတ်ဖက်နိုင်ငံတွေ အတူ ညှိနှိုင်း ဆွေးနွေး ချမှတ်သင့်တယ်လို့လည်း အဲဒီထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားပါတယ်။