တွေ့ဆုံပွဲတွေနဲ့ ပြန်လည် ရင်ကြားစေ့ရေး

  • 6 ဒီဇင်ဘာ 2015
kyi ဓာတ်ပုံ မူပိုင် AFP
Image caption NLD ရွေးကောက်ပွဲ မှာ အပြတ်အသတ် အနိုင်ရ

ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် နဲ့ ဗိုလ်ချုပ်မှူးကြီး ဟောင်း သန်းရွှေ တို့ ပြီးခဲ့တဲ့ သောကြာနေ့က နေပြည်တော် မှာ တွေ့ဆုံခဲ့ ပါတယ်။

ဒီတွေ့ဆုံမှု တွေ အပြီး စနေနေ့ က ဦးသန်းရွှေရဲ့ မြေးဖြစ်သူ ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ မှာ သူတို့ ၂ ယောက် တွေ့ဆုံခဲ့မှုကို ရေးသား ထုတ်ပြန် ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး ဟောင်း သန်းရွှေ က လူထုကနေ မဲပေး ရွေးချယ် ခဲ့တဲ့ NLD ဥက္ကဋ္ဌ အပေါ် မှာ သူ့ အနေနဲ့ ကူညီ မှုတွေ ပြုလုပ်မှာ ဖြစ်ကြောင်း ပြောကြား ခဲ့တယ် လို့ မြေးဖြစ်သူ ကို နေရွှေသွေးအောင် ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ မှာ ဖော်ပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ဘက်က လည်း နိုင်ငံ ဖွံ့ဖြိုး တိုးတက် ရေး အတွက် အငြိုး အတေး အာဃာတ တွေ မထားဘဲ စစ်တပ်နဲ့ ပူးပေါင်း လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ ပြောကြား ခဲ့ကြောင်း သိရ ပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ကို နိုင်ငံရဲ့ အနာဂတ် ခေါင်းဆောင် အဖြစ် ဗိုလ်ချုပ်မှူးကြီး ဟောင်း သန်းရွှေ က သုံးနှုန်း ခေါ်ဝေါ် တဲ့ အတွက် ကြိုဆိုကြောင်း၊ NLD ဘက်က အောင်နိုင်မှု တွေ ရတဲ့ အတွက် သူတို့ ဘက်က ဒီလို ပြောချိန် ရောက်လာပြီ ဖြစ်ကြောင်း NLD ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။

ဒီလို တွေ့ဆုံမှုတွေ ဟာ အချိန်ကိုက် တွေ့ဆုံမှုတွေ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

အမျိုးသား ပြန်လည် ရင်ကြားစေ့ ရေး အတွက် ဒေါ်အောင်ဆန်း စုကြည် က ဆက်လက် ကြိုးပမ်းသွားမယ် လို့လည်း သူက ပြောပါတယ်။

အာဏာ လွှဲပြောင်းရေးမှာ ချောမွေ့ အဆင်ပြေဖို့ စစ်ခေါင်းဆောင်ဟောင်းနဲ့ လက်ရှိ အစိုးရ အာဏာပိုင်တွေနဲ့ တွေ့ဆုံတာကို NLD ဘက်က ထုတ်ပြန် ရှင်းလင်းသွားမှာ မဟုတ်ဘူး လို့လည်း ဦးဝင်းထိန်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ