လက်ကျန် ပိတ်ဆို့မှုတွေကို မြန်မာအပေါ် အမေရိကန် ယာယီဖြေလျှော့

  • 8 ဒီဇင်ဘာ 2015
rangoon_port
Image caption နာမည်ပျက်စာရင်းထဲ ပါဝင် နေသူတွေ ပိုင်ဆိုင်တဲ့ ဆိပ်ကမ်းတွေ လို နေရာ တွေ ကို ဖြတ်သန်း ကုန်သွယ်ခွင့် ပြုဖို့ ရည်ရွယ် ထား။

အမေရိကန်က နာမည်ပျက် စာရင်းထဲ ထည့်ထားတဲ့ မြန်မာပြည် စစ်အစိုးရ လက်ထက် က ခရိုနီ သူဌေး တွေ ထိန်းချုပ် ထားရာ ဆိပ်ကမ်း တွေ အပါအဝင် တခြား အခြေခံ အဆောက်အဦ ပစ္စည်းတွေ တွေ ကို အသုံးပြုပြီး အမေရိကန်ပိုင် လုပ်ငန်းတွေ ကို ဘယ်ပုံ ဘယ်နည်းနဲ့ ကုန်သွယ်ခွင့် ပြု နိုင်မလဲ ဆိုတဲ့ အပေါ် နည်းလမ်း ရှာဖွေ ကြံဆ ထားတယ် ဆိုပြီး အမေရိကန် အစိုးရ က ကြေညာပါတယ်။

မြန်မာ နိုင်ငံ အပေါ် ချမှတ် ထားဆဲ စီးပွား ရေး ပိတ်ဆို့မှု ဥပဒေ ကနေ ၆ လတာ ကင်းလွတ်ခွင့် ပေးပြီး နာမည်ပျက်စာရင်းထဲ ပါဝင် နေသူတွေ ပိုင်ဆိုင်တဲ့ ဆိပ်ကမ်းတွေ လို နေရာ တွေ ကို ဖြတ်သန်း ကုန်သွယ်ခွင့် ပြုဖို့ ရည်ရွယ် ထားတယ် လို့သမ္မတ အိုဘားမားရဲ့ အစိုးရ အဖွဲ့ထဲ က ထိပ်ပိုင်း အရာရှိ တွေ က ပြောပါတယ်။

ရန်ကုန်မှာ ရှိတဲ့ အဓိက ဆိပ်ကမ်း ကို ထိန်းချုပ်သူ ဟာ အမေရိကန် ရဲ့ နာမည်ပျက် စာရင်းထဲ ပါနေတဲ့ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် ဖြစ်တဲ့ အတွက် အဲဒီ့ ဆိပ်ကမ်းကိုအသုံးပြု ဖြတ်သန်းနေတဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ နဲ့ ပတ်သက်ခွင့် မရ ဖြစ်နေတဲ့ အပေါ် အမေရိကန် ဘဏ် တွေ ဘက်က စောဒက တွေ တက်လာ ခဲ့တဲ့ နောက် အမေရိကန် အစိုးရ က အခုလို တုံ့ပြန် ဆောင်ရွက် လာတာ ဖြစ်ပါတယ်။

အခုလို ၆ လတာ ကင်းလွတ်ခွင့် ပေးဖို့ နည်းလမ်း ရှာရတာ ဟာ မြန်မာပြည် နဲ့ အမေရိကန် အကြား ကုန်သွယ်ရေး စီးဆင်းရာမှာ အပိတ်အဆို့ မဖြစ်စေဖို့နဲ့ အမေရိကန် ဘဏ်တွေ ကို လည်း မြန်မာပြည် စျေးကွက် ကနေ ထွက် မသွား စေဖို့ ဖြစ်တယ် လို့ အမေရိကန် အာဏာပိုင် တွေ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ