အမေရိကန် မြန်မာ စစ်ဆက်ဆံရေး တိုးဖို့ အမေရိကန် ဆန္ဒရှိ

  • 9 ဒီဇင်ဘာ 2015
Image caption မြန်မာနဲ့ ပိုရင်းနှီးတဲ့ စစ်ဘက် ဆက်ဆံရေး ထားဖို့ အမေရိကန် ဗိုလ်ချုပ်ကြီးက လိုလားနေ

မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အတိုက်အခံ NLD ပါတီ အပြတ်အသတ် အနိုင်ရသွားခဲ့အပြီး အာရှ ပစိဖိတ် ဒေသဆိုင်ရာ အမေရိကန် ဗိုလ်ချုပ်ကြီး Vince Brooks က အမေရိကန် မြန်မာ နှစ်နိုင်ငံ အကြား စစ်ဘက်ဆိုင်ရာ ရင်းနှီးတဲ့ ဆက်ဆံရေး ထားရှိဖို့ သူ့အနေနဲ့ စိတ်အားထက်သန်နေတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း အမေရိကန် အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို စောင့်ရအုံးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ မြန်မာ အကြား ထိတွေ့ ဆက်ဆံမှုတွေ လုပ်ဖို့ကို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက စစ်ခေါင်းဆောင်တွေကလည်း စိတ်အားထက်သန်နေကြတယ်လို့ ဝါရှင်တန်မြို့မှာ ကျင်းပတဲ့ ကာကွယ်ရေးဆိုင်ရာ စာရေးဆရာများ မျက်နှာစုံညီ ဆွေးနွေးပွဲ တခုမှာ ဗိုလ်ချုပ်ကြီး Vince Brooks က ပြောသွားပါတယ်။

အခုအခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရကို အားပေးတဲ့အနေနဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ယာယီ လျှော့ချမယ်လို့ အမေရိကန် အစိုးရ တာဝန်ရှိပုဂ္ဂိုလ် တဉီးက ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ပြောပါတယ်။