မြန်မာနိုင်ငံရဲ့ ခေတ်ကာလသစ် ရောက်တော့မလား။

  • 9 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အပြတ်အသတ် အနိုင်ရခဲ့

၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာပြည်ရဲ့ ခေတ်သစ်ကာလအစ တခု ဖြစ်လာနိုင်တယ် ဆိုတဲ့ အစီရင်ခံစာ တခုကို နယ်သာလန် အခြေစိုက် TNI Transnational Institute က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးကတည်းက ပြည်သူလူထု အများစု ဟာ နိုင်ငံရေးမှာ ပါဝင် ဆုံးဖြတ်ခွင့် မရခဲ့ကြကြောင်း၊ ဒီအောင်ပွဲကနေ အားလုံး ပါဝင်နိုင်မယ့် နိုင်ငံရေး အခြေအနေ တခုကို NLD က ဖော်ဆောင်နိုင်တော့မယ်လို့ မျှော်လင့် ကြောင်းနဲ့ လူထု ထောက်ခံမှု အဟုန်ကို NLD အနေနဲ့ ဘယ်လို တည်ဆောက်သွားမယ် ဆိုတာက စိန်ခေါ်မှု ဖြစ်လာနိုင်ကြောင်း ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ရေးတွေ ဖော်ဆောင်သွားဖို့ ရွေးကောက်ပွဲအပြီး တက်လာမယ့် NLD အစိုးရသစ်ကို ပြည်သူတွေက လိုလားကြပေမယ့် အစိုးရယန္တရားနဲ့ နိုင်ငံရေးမှာ စစ်တပ်က ဆက်ကြီးစိုးနေတဲ့ အနေအထားတွေ ရှိနေသေးတယ်လို့ အဲဒီ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

မြန်မာ စစ်တပ်ဟာ အရပ်သား အုပ်ချုပ်ရေးနဲ့ စင်ပြိုင် အုပ်ချုပ်မှု ရှိနေတဲ့အတွက် နေရာ အတော်များများမှာ အုပ်ချုပ်ရေးကို စစ်တပ်နဲ့ NLD တို့ ဘယ်လို ခွဲဝေကြမယ် ဆိုတာက စိန်ခေါ်စရာ ဖြစ်လာမယ်လို့ TNI ရဲ့ အကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်၊ တိုင်းရင်းသား လူမျိုးတွေအကြောင်း စာအုပ်တွေ ပြုစုခဲ့တဲ့ ဗြိတိသျှ သတင်းစာဆရာလည်း ဖြစ်တဲ့ Martin Smith က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေလည်း ရှိနေပြီး ဗဟို အစိုးရမှာသာမက အောက်ခြေမှာပါ ဒီအစိုးရသစ်က ဘယ်လို အုပ်ချုပ်မှာလဲ ဆိုတာဟာလည်း NLD အစိုးရအတွက် စိန်ခေါ်စရာ အချက်တချက် ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးကတည်းက ပြည်မက မြန်မာ အစိုးရနဲ့ စစ်တပ်က တိုင်းရင်းသား နယ်မြေ တချို့ကို အာရုံမထားနိုင်ဘဲ မြို့ပေါ်က နိုင်ငံရေးမှာတင် အချိန်ကုန်နေတာမို့ လျစ်လျူရှု ခံရတာတွေ ရှိခဲ့ကြောင်း၊ ဒီအတွက် တိုင်းရင်းသား အခွင့်အရေးတွေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွေကို မျှော်လင့်ခဲ့တဲ့ တိုင်းရင်းသား တွေအတွက် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပဲ စစ်ပွဲတွေနဲ့သာ ရင်ဆိုင်ခဲ့ရကြောင်း၊ အခုလည်း မြေပြန့်မှာ NLD နဲ့ စစ်တပ် အဆင်ပြေပြီး ဒီမိုကရေစီ အခွင့်အရေးတွေ ရနိုင်ပေမယ့် တိုင်းရင်းသား ပြည်နယ်တွေမှာ စစ်ပွဲသံတွေ မစဲဖြစ်နေမှာကို တိုင်းရင်းသားတွေက စိတ်ပူနေကြကြောင်း ပြောပါတယ်။

ဒီနှစ်ပိုင်းအတွင်းမှာ မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေး၊ ပတ်ဝန်းကျင်ရေး ကိစ္စတွေမှာ ပြည်သူတွေ တက်တက်ကြွကြွ ပါဝင်လာကြတာ တွေ့ရပြီး ဒါတွေကြောင့်ပဲ ပြုပြင်ရေးတွေ လုပ်ဖို့ NLD ကို မဲပေးကြတဲ့အထိ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

နိုင်ငံရဲ့ လက်ရှိ စီးပွားရေး၊ လူမှုရေး အခြေအနေတွေမှာ ယိုယွင်းမှုတွေ များလွန်းတာကို တွေ့ဆုံဆွေးနွေး အဖြေရှာသွားကြဖို့နဲ့ ငြိမ်းချမ်းရေးနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို တိုင်းရင်းသားတွေနဲ့ ပြည်မ ခေါင်းဆောင်တွေ အတူ ယှဉ်တွဲ လုပ်ဆောင် သွားကြဖို့ အရေးကြီးတယ်လို့ Martin Smith က ပြောသွားပါတယ်။