အမေရိကန်က ပိတ်ဆို့မှုတွေ ယာယီဖြေလျှော့

  • 8 ဒီဇင်ဘာ 2015
Thilawa Port ဓာတ်ပုံ မူပိုင် Reuters
Image caption သီလဝါ ဆိပ်ကမ်းကတဆင့် ကုန်တင်ပို့မှုတွေ ခွင့်ပြုတာကို လုပ်ငန်းရှင်တွေ အကောင်းမြင်

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် အရေးယူထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ စီးပွားရေး ပိတ်ဆို့မှု တချို့ကို ခြောက်လကြာ ယာယီဖြေလျှော့ လိုက်တယ်လို့ အမေရိကန် အစိုးရက သတင်း ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ ရန်ကုန်မြို့က အဓိက ကုန့်တင်ကုန်ချလုပ်တဲ့ ဆိပ်ကမ်း ဖြစ်တဲ့ အေရှားဝေါ ကုမ္ပဏီရဲ့ သီလဝါ ဆိပ်ကမ်းက တဆင့် ကုန်သွယ်မှုကိုလည်း ယာယီ ဖယ်ရှား ပေးလိုက် တာဖြစ်ပါတယ်။

ပြည်တွင်းက မြန်မာလုပ်ငန်းရှင် အတော်များများ ကတော့ အခုလို ကုန်သွယ်မှု ကန့်သတ်ချက် လျှော့ပေါ့ ပေးလိုက်တာကို အကောင်း မြင်ကြပါတယ်။

မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ် က ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဒေါက်တာစိုးထွန်းကတော့ သာမန်ပြည်သူတွေ အသုံးပြုနေတဲ့ ဆိပ်ကမ်းက တဆင့် ကုန်သွယ်မှု တွေကို ဖြေလျှော့ ပေးလိုက်တာ ကောင်းတယ်လို့ မြင်ကြောင်း ဘီဘီစီကို ပြာပါတယ်။ အေရှားဝေါ ဆိပ်ကမ်းကို ပိုင်ဆိုင်သူက အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ အရေးယူတာ ခံထားရတဲ့ ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လော ဖြစ်ပါတယ်။

သူဟာ ဘိန်းဘုရင်လို့ လူသိများတဲ့ လော်စစ်ဟန်ရဲ့သား ဖြစ်ပါတယ်။

သူပိုင်တဲ့ ဆိပ်ကမ်းကနေ ကုန်သွယ်မှု ကန့်သတ်ချက်ကို အခု ဖယ်ရှားလိုက်ပေမဲ့ အမေရိကန်က ပိတ်ဆို့ အရေးယူထားတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ ဆက်လက် ထားရှိပြီး ဖိအားပေးမယ်လို့ အမေရိကန် အစိုးရရဲ့ ထုတ်ပြန်မှုမှာ ပါရှိပါတယ်။

ဒီတော့ အမေရိကန်နိုင်ငံ ရဲ စီးပွားရေးပိတ်ဆို့ မှုစာရင်းမှာ ပါဝင်နေတဲ့ ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေ ကတော့ အမေရိကန်နဲ့ ဥရောပ သမဂ္ဂ တို့က မြန်မာ နိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ လာရောက်ပြုလုပ်တော့မယ့် လက္ခဏာမျိုး မြင်တယ်လို့ ပြောပါတယ်။

အခုလို ယာယီပဲ လျှော့ပေါ့ ပေးတာကတော့ မြန်မာ နိုင်ငံရဲ့ စီးပွားရေး အနေအထားတွေကို စောင့်ကြည့်ပြီး နောင်မှာ တဖြည်းဖြည်း လျှော့ပေးသွားမယ်လို့ သူက မျှော်လင့် ပါတယ်။

တခြား စီးပွားရေး လုပ်ငန်းရှင်တွေ ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တဲ့ အစိုးရသစ် ပေါ်လာရင် ဒီပိတ်ဆို့မှုတွေကို အမေရိကန်က လျှော့ပေး လာလိမ့် မယ်လို့ ယူဆနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ