၅ ထောင်တန်ပေါ်က လက်မှတ် သမ္မတထိုးတာ မဟုတ်

  • 9 ဒီဇင်ဘာ 2015
Burma Leaders
Image caption သမ္မတ၊ ကာချုပ်တို့နဲ့ တွေ့ဆုံအပြီး ဒေါ်စုက ဦးသန်းရွှေနဲ့ တွေ့တာ နိုင်ငံရေး ရည်ရွယ်ချက်ကြောင့်လို့ဆို

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့မြေး ကိုနေရွှေသွေးအောင်ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ တင်ထားတဲ့ ၅၀၀၀ ကျပ်တန် ငွေစက္ကူပေါ်က လက်မှတ်ကို သမ္မတ ဦးသိန်းစိန် ရေးထိုးထားတာ မဟုတ်ဘူးလို့ သမ္မတရုံး ညွှန်ကြားရေးမှူးနဲ့ မေးမြန်း ထားတာကို ကိုးကားပြီး Myanmar Review ဂျာနယ်မှာ ဖေါ်ပြထား ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်း စုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ တွေ့ဆုံခဲ့တာကိုလည်း သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော် ဘက်က ကြိုတင် မသိဘူးလို့ သမ္မတရုံး ညွှန်ကြားရေးမှူးက ပြောကြောင်း Myanmar Review ဂျာနယ်အယ်ဒီတာ ဦးရဲမိုးက ပြောပါတယ်။

အသိမပေးဘဲ ဒီလို တွေ့ဆုံကြတာဟာ သမ္မတနဲ့ တပ်မတော်ကို ကျော်ပြီး လုပ်တာလို့ ဦးရဲမိုးက ပြောပါတယ်။

သူကိုယ်တိုင်က တပ်မတော် တာဝန်ထမ်းဆောင်ဖူးပြီး လက်ရှိလည်း တပ်နဲ့ နီးစပ်သူ ဖြစ်လို့ လူအများစုက ယူဆထားကြသလို တပ်မတော်တစ်ခုလုံးကို ဗိုလ်ချုပ်မှူး ကြီးဟောင်း ဦးသန်းရွှေကပဲ ချုပ်ကိုင် ထားတယ် ဆိုတာ မဟုတ်မမှန်ဘူး လို့လည်း ဦးရဲမိုးက ပြောပါတယ်။

ဒါပေမဲ့ အခုလို NLD အနိုင်ရပြီး အသွင်ကူးပြောင်းရေး ဆောင်ရွက်မယ့် ကာလမှာ ဒေါ်အောင်ဆန်း စုကြည်က ဦးသန်းရွှေနဲ့ တွေ့ဆုံတာက ပုဂ္ဂိုလ်ရေး မဖြစ်နိုင်ဘဲ နိုင်ငံရေး ဆွေးနွေးဖို့သာ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

တကယ်တန်း အသွင်ကူးပြောင်းရေး ချောမွေ့စေဖို့ ဆိုရင် ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ ဦးသန်းရွှေနဲ့ ဆွေးနွေးတာထက် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့သာ ညှိနှိုင်း သင့်တယ် လို့လည်း ဦးရဲမိုးက ပြောပါတယ်။