ဘင်္ဂလားဒေ့ရှ် ရေတပ်က ရေလုပ်သား ၉၀ ကျော် ကို ဖမ်းဆီးခဲ့

  • 10 ဒီဇင်ဘာ 2015
Image caption ငါးဖမ်းလှေ ၁၂ စီးနဲ့ မြန်မာ ရေလုပ်သား ၉၀ ကျော် ကို ဘင်္ဂလားဒေ့ရှ် ရေတပ် က ဖမ်းဆီး

ဒီဇင်ဘာလ ၈ ရက်နေ့ကဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ရေပိုင်နက် ထဲမှာ ငါးဖမ်းလှေ ၁၂ စီးနဲ့ မြန်မာ ရေလုပ်သား ၉၀ ကျော် ကို ဘင်္ဂလားဒေ့ရှ် ရေတပ် က ဖမ်းဆီး ထားခဲ့ကြောင်း ရိုက်တာ သတင်းဌာနမှာ ဖော်ပြ ပါရှိပါတယ်။

နှစ် နိုင်ငံ ရေပိုင်နက် နယ်စပ် အနီးက စိန့်မာတင် ကျွန်း အနီးမှာ ဖမ်းဆီး ရမိ ထားတာ ဖြစ်ပြီး ဖမ်းဆီး ရမိသူတွေဟာ မြန်မာနိုင်ငံသား ဟုတ်မဟုတ် ဆိုတာ သေချာအောင် စုံစမ်း စစ်ဆေး နေတယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ဘီဘီစီ ကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်က သံတမန် နည်းလမ်း အရ အကြောင်းကြားတာမျိုး မရှိသေးကြောင်း နဲ့ ဒါကာ မြို့မှာ ရှိတဲ့ မြန်မာ သံရုံး ကိုလည်း အကြောင်း ကြားတာမျိုးလည်း မရှိသေးကြောင်း မြန်မာသံရုံး အမြဲတန်း အတွင်းဝန် ဦးအောင်လင်း က ပြောပါတယ်။

မြူတွေ ကျတဲ့ ရာသီ ဖြစ်ပြီး နှစ် နိုင်ငံ ရေပိုင်နက် နီးကပ်လွန်းတာကြောင့် မြန်မာ ရေလုပ်သား တွေဟာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ထဲကို မတော်တဆ ရောက်သွား တာ ဖြစ်နိုင်တယ်လို့ ငါးလုပ်ငန်း အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်က ဘီဘီစီကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရုပ်သံ သတင်းတွေရဲ့ ဖော်ပြချက် အရ ဖမ်းဆီး ရမိတဲ့ ရေလုပ်သား တွေရဲ့ သွင်ပြင်ဟာ ဘင်္ဂလားဒေ့ရှ် လူမျိုးတွေနဲ့လည်း ဆင်သလို ရခိုင်ပြည်နယ် ထဲက မွတ်စလင် တွေနဲ့လည်း ဆင်တူကြောင်း ဘီဘီစီ သတင်းထောက်က သတင်း ပေးပို့ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ