သန္တိသုခသံဃာတွေ အမှု ၁ ခု တရားရှင်လွတ်

  • 10 ဒီဇင်ဘာ 2015
London Sayardaw U Uttara ဓာတ်ပုံ မူပိုင် bbc
Image caption အမှုရင်ဆိုင်နေရတဲ့ ဆရာတော် ဦးဥတ္တရ

လွန်ခဲ့တဲ့ တစ်နှစ်ခွဲက စတင်ပြီး မဟာသန္တိသုခကျောင်း ပိုင်ဆိုင်မှု အငြင်းပွားမှုနဲ့ ဆက်စပ်ပြီး တရားစွဲခံ ခဲ့ကြရတဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာ ၅ ပါး အမှုမှာ ပုဒ်မ ၂၉၅ သာသနာညှိုးနွမ်းစေမှုနဲ့ စွဲဆိုထားတဲ့ အမှု အတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့က အရှေ့ပိုင်း ခရိုင်တရားရုံးက တရားရှင် လွှတ်ပေးလိုက်ပါတယ်။

ဒါပေမဲ့ သံဃာ့ အဖွဲ့ အစည်း ရဲ့ စကားကို နားမထောင်လို့ ဆိုတဲ့ ပုဒ်မ ၂၀/၉၀ နဲ့ စွဲထားတဲ့ အမှု ကိုတော့ ဆက်လက် ရင်ဆိုင်ရဦးမှာပါ။

မူလက စတင် တရားစွဲဆိုတုန်းက ရန်ကုန်တိုင်း အစိုးရနဲ့ သာသနာရေး ဦးစီးဌာနတို့က ဒီသံဃာတွေကို ၂၀/၉၀ နဲ့သာ တရားစွဲဖို့ ပြောထားတာကို တိုင်းသာသနာရေးမှူး ဦးစိန်မော်က သာသနာညှိုးနွမ်းစေမှု ပုဒ်မကိုပါ ထည့်သွင်း တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ အမှုရင်ဆိုင်နေရတဲ့ လန်ဒန် ဆရာတော် ဦးဥတ္တရက ဘီဘီစီကို မိန့်ပါတယ်။

တကယ်တော့ ဒီအမှုတွေကို ပယ်ဖျက်ပေးဖို့ ရန်ကုန်တိုင်း တရားလွှတ်တော်ကိုရော နေပြည်တော် တရားလွှတ်တော်ချုပ်ကိုပါ လျှောက်ထားခဲ့ပေမဲ့ လက်မခံခဲ့ဘူးလို့ လန်ဒန်ဆရာတော် က ပြောပါတယ်။

ဒါပေမဲ့ တရားလို ဖြစ်သူက တရားစစ်နေချိန်မှာ လာရောက်ခြင်း မရှိတဲ့ အတွက် အမှုကို အခုလို တရားရှင် လွှတ်ပေးတာလို့လည်း ဆိုပါတယ်။

သဃာတော်တွေကို စွဲဆိုထားတဲ့ အမှု နှစ်ခုစလုံး အတွက် ပယ်ဖျက်ပေးဖို့ သူတို့ရဲ့ ရှေ့နေက လျှောက်ထားခဲ့ပေမဲ့ အခု တစ်မှု အတွက်သာ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ကျန်နေသေးတဲ့ ပုဒ်မ ၂၀/၉၀ နဲ့ စွဲထားတဲ့ အမှု ကို ချေဖျက်ပေးဖို့ ရန်ကုန်တိုင်း တရားလွှတ်တော်ကို ဒီဇင်ဘာလ ၉ ရက်နေ့က တင်ထားခဲ့ပြီး ဖြစ်တဲ့ အတွက် နှစ်ဖက် ကြားနာမယ့် နေ့ရက်ကို စောင့်နေတယ်လို့ ဆရာတော် ဦးဥတ္တရက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ