UNFC နိုင်ငံရေး ညှိနှိုင်း ဖြေရှင်းရေး ကော်မတီဖွဲ့

  • 12 ဒီဇင်ဘာ 2015
Image caption အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အစိုးရသစ်နဲ့ ဆက်ဆောင်ရွက် သွားမယ်လို့ UNFC ပြော

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC အဖွဲ့က ရွေးကောက်ပွဲအပြီး ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်တွေ ရှေ့ဆက် ဆောင်ရွက်ဖို့ အတွက် အဖွဲ့ဝင် တဉီးစီ ပါတဲ့ ကော်မီတီသစ် တရပ်ကို ဖွဲ့စည်းလိုက် ပါတယ်။

UNFC နှစ်ပတ်လည် အစည်းအဝေးကို ဒီဇင်ဘာလ ၈ရက်နေ့ကနေ ၄ရက်ကြာ ကျင်းပအပြီးမှာ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်း ဖြေရှင်းရေး ကိုယ်စားလှယ် ကော်မတီလို့ အမည်ပေးထားတဲ့ ကော်မတီသစ်ကို အခုလို ဖွဲ့စည်းလိုက်တာပါ။

ဒီကော်မတီအနေနဲ့ သက်ဆိုင်ရာ အဖွဲ့ဝင်အားလုံး ပါဝင်ရေးကို ကြိုးပမ်းသွားမယ်။ အဲဒီကနေ နိုင်ငံရေး ဆွေးနွေးပွဲကြီး ဖြစ်လာအောင် အခြေခံ မူဘောင်တွေ ညှိဖို့ စတဲ့ လုပ်ငန်းစဉ် အားလုံးကို လုပ်ဆောင်သွားမှာ ဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အားလုံးနဲ့ လိုအပ်ရင် လိုအပ်သလို ညှိနှိုင်း ဆွေးနွေး ဖြေရှင်းသွားမယ်လို့ UNFC ဒုတိယ ဉက္ကဌ နိုင်ဟံသာက ဘီဘီစီကို ပြောပါတယ်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှာ ၈ဖွဲ့ လက်မှတ်ထိုးထားပြီး ညှိနှိုင်းနေတာဟာ ပြေလည်မှု ရနိုင်မယ်လို့ မယုံကြည်ကြောင်း၊ တနိုင်ငံလုံး ဖြစ်နေတဲ့ ပြဿနာက ဒီတစိတ်တပိုင်းနဲ့ပဲ ဖြေရှင်းရုံနဲ့ ပြီးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

NLD အစိုးရသစ် တက်လာတဲ့အခါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အထိုက်အလျောက် အောင်မြင်လာမယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ဖြစ်နေတာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသွားဖို့ကိုလည်း UNFC အစည်းအဝေးမှာ တိုက်တွန်းခဲ့ပါတယ်။

ရှမ်းပြည်တွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း ပဋိပက္ခတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ UNFCက ကြားဝင် ဖြေရှင်းပေးဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ထားကြောင်းနဲ့ အခြအနေကို လေ့လာပြီး နှစ်ဖက်စလုံးရဲ့ ခေါင်းဆောင်တွေကို တွေ့ဆုံ ညှိနှိုင်း တိုက်တွန်း သွားမှာ ဖြစ်ကြောင်းလည်း နိုင်ဟံသာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ