ချောစန္ဒီကို အမှုတစ်ခု ပယ်ဖျက်

  • 14 ဒီဇင်ဘာ 2015
Chaw Sandi Tun
Image caption ဆက်သွယ်ရေး ပုဒ်မနဲ့ ပတ်သက်လို့ ဒီဇင်ဘာ ၂၁ ရက်နေ့ ကြားနာမယ်

မြန်မာ တပ်မတော် အကြီးအကဲကို ဖေ့စ်ဘွတ်ခ် ပေါ်မှာ သရော်တဲ့ ဓါတ်ပုံ တင်ခဲ့မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီး ခံထားရတဲ့ မချောစနီထွန်း ခေါ် ချစ်သမီးကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ၈ ကြိမ်မြောက် ရုံးထုတ်ရာမှာ အသရေဖျက်မှု ပုဒ်မ ကို ပယ်ဖျက် ပေးလိုက်ပါတယ်။

သူ့ကို ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ နဲ့ အသရေဖျက်မှု ပုဒ်မ ၅၀၀ တို့နဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။

မချောစနီထွန်းကို စွဲဆိုထားတဲ့ ဆက်သွယ်ရေး ပုဒ်မ ကိုတော့ ဆက်လက် စွဲထားပါတယ်။

သူ့ကို အာမခံ ပေးဖို့ မချောစနီထွန်းရဲ့ ရှေ့နေက နှစ်ကြိမ် လျှောက်ထားခဲ့ ပေမဲ့ ပယ်ချခံခဲ့ရ ပါတယ်။

ပယ်ချခဲ့တဲ့ အကြောင်းက စွဲဆိုခံရတဲ့ ပုဒ်မ အရ ထောင်ဒဏ် သုံးနှစ်နဲ့ အထက် ချလို့ရတဲ့ ပြစ်မှုမှာ အာမခံ ပေးလို့ မရတဲ့ အတွက် ဆိုပြီး တရားရုံးက ပယ်ချခဲ့တာလို့ မချောစနီထွန်းရဲ့ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။

အကြောင်းအရာတူတဲ့ အမှုနှစ်ခုမှာ အသရေဖျက်မှု ပုဒ်မ ကိုတရားရှင် လွှတ်ခဲ့ပြီး ဖြစ်လို့ ကျန်တဲ့ အမှု အတွက်လည်း လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

လာမယ့် ဒီဇင်ဘာလ ၂၁ ရက် ရုံးချိန်းမှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ အတွက် ရင်ဆိုင်ရမှာ ဖြစ်ပြီး သက်သေတွေလည်း စစ်ဆေးခံဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ