ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး နည်းလမ်းရှိနိုင်

  • 16 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ပုဒ်မ ၅၉(စ)ကို ဆိုင်းငံ့သင့် မသင့် လွှတ်တော်မှာ အဆိုတင်ပြီး မဲခွဲလို့ ၅၀ရာနှုန်းကျော် ထောက်ခံမဲ ရရင် ဆိုင်းငံ့လို့ ရမယ်လို့ သူရ ဦးအောင်ကို ပြော

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ အဟန့်အတား ဖြစ်နေတဲ့ ပုဒ်မတွေကို ချွင်းချက်နဲ့ကျော်လွှားနိုင်ဖို့ လွှတ်တော် သက်တမ်း တခုခုမှာ ဆောင်ရွက်သွားမယ်လို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအောင်ကိုက ဘီဘီစီကို ပြောပါတယ်။

အခြေခံ ဥပဒေ ပုဒ်မ ၅၉( စ )ကို ၅နှစ် ဆိုင်းငံ့လိုက်မယ် ဆိုရင် တိုင်းရင်းသားတွေ၊ မြန်မာ ပြည်သူတွေ အများစု မျှော်လင့်နေ သလို ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ လမ်းပွင့်သွားမှာ ဖြစ်တယ်လို့ သူရ ဦးအောင်ကိုက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပုဒ်မ ၅၉( စ )ကိုဖြစ်စေ၊ တခြား ပုဒ်မ တခုခုကို ဖြစ်စေ ဆိုင်းငံ့နိုင်တယ်လို့ မပြောထားသလို မဆိုင်းငံ့ရဘူးလို့လည်း မတားမြစ်ထားကြောင်း၊ ဒါ့ကြောင့် ဆိုင်းငံ့လို့ ရတယ်လို့ သူ့အနေနဲ့ ယူဆကြောင်း သူရ ဦးအောင်ကိုက ပြောပါတယ်။

ပုဒ်မ ၅၉( စ )ကို ဆိုင်းငံ့သင့် မသင့် လွှတ်တော်မှာ ဆွေးနွေးပြီးတဲ့အခါ အဆိုတခု တင်ပြီး မဲခွဲလိုက်ရင် ၅၀ရာခိုင်နှုန်းကျော် ထောက်ခံမဲ ရရင် ဆိုင်းငံ့လို့ ရမယ်လို့ သူယုံကြည်တယ်လို့ ဆိုပါတယ်။

နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်အပြင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ပါ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့အပြီး ရလဒ်အဖြစ် ပုဒ်မ ၅၉ (စ)ကို ဆိုင်းငံ့တာမျိုး ဖြစ်လာနိုင်တယ်လို့ သူရဦးအောင်ကို က ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အခုလို ချွင်းချက်နဲ့ ပြင်လို့ ရမရ ဆိုတာနဲ့ ပတ်သက်ပြီး ဥပဒေ ပညာရှင်တွေအကြား ဆွေးနွေး ငြင်းခုံနေကြတယ်လို့လည်း ဆိုပါတယ်။

ဥပဒေ ပညာရှင်တဉီး ဖြစ်တဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ရှေ့နေကြီး ဦးသိန်းညွန့် ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော် ဥက္ကဋ္ဌ အပါအဝင် လူ၆ယောက်က အခြေခံ ဥပဒေခုံရုံးကို ကိုယ်ပြောလိုတာကို အဓိပ္ပါယ် ဖွင့်ဆိုဖို့ တင်ပြတာ အကောင်းဆုံးပဲလို့ ပြောပါတယ်။

ပုဒ်မ ၅၉ ( စ )ကို ဆိုင်းငံရေးနဲ့ ပတ်သက်လို့ လက်ရှိ အစိုးရ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ သဘောထားအပေါ် မူတည်ပြီး သူတို့သာ သဘောတူပါက လက်ရှိ ကျင်းပနေတဲ့ လွှတ်တော်မှာတင် ဆောင်ရွက်လို့ ရတယ်လို့ သူရ ဦးအောင်ကိုက ပြောပါတယ်။