ကမ္ဘာမှာမြန်မာက ဘိန်းထုတ်မှု ဒုတိယ အများဆုံး ဖြစ်နေသေး

  • 15 ဒီဇင်ဘာ 2015
Opium ဓာတ်ပုံ မူပိုင် AP
Image caption ဘိန်းအစားထိုးသီးနှံ စိုက်ဖို့ မြန်မာ ဘိန်း တောင်သူတွေခက်ခဲ

မြန်မာ နိုင်ငံဟာ ကမ္ဘာမှာ ဘိန်းထုတ်လုပ်မှု ဒုတိယ အများဆုံး ဖြစ်တယ်လို့ ကုလ သမဂ္ဂရဲ့ အစီရင်ခံစာ သစ်တစ်ခုက ဖော်ပြပါတယ်။

အာဖဂန်စ္စတန် ကတော့ ကမ္ဘာမှာ ဘိန်းထုတ်လုပ်မှု အများဆုံး ဖြစ်ပါတယ်။

အခုနှစ် ဘိန်းထုတ်လုပ်မှုက ပြီးခဲ့တဲ့နှစ်က အလားတူ အချိန်က ထုတ်လုပ်မှုနဲ့ အတူတူလောက်ပဲ ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကထက် စာရင်တော့ သိသိသာသာ ပိုများ လာတယ်လို့ လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာ နိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေလို အဓိက အကြောင်းတရား တွေကြောင့် အပြင် တရုတ်နိုင်ငံက ဘိန်းဖြူ ဝယ်လိုအား ရှိနေတဲ့ အတွက် တရားမဝင် ဘိန်းထုတ်လုပ်မှု ရှိနေတာ ဖြစ်ပါတယ်။

ဘိန်းတောင်သူတွေက မိသားစု စားဝတ်နေရေးကြောင့် စိုက်ကြရတာ ဖြစ်လို့ သူတို့ကို ဖမ်းဆီး အရေးယူတာထက် လူသားချင်း စာနာတဲ့ အကူညီတွေ ပေးဖို့ လိုတဲ့အပြင် ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး ဥပဒေတွေကို ပြင်ဆင် ရေးဆွဲသင့်တယ်လို့ Trans National Institute TNI အဖွဲ့ က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

ဘိန်းစိုက်ပျိုးမှု လျှော့ချရေး နဲ့ ပတ်သက်ပြီး တတိယ အကြိမ် ဘိန်းစိုက် တောင်သူများ ညီလာခံကို ပြင်ဦးလွင် မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက ကျင်းပခဲ့ရာမှာ ဘိန်းအကြီး အကျယ် စိုက်ပျိုးရာ ဒေသက ကိုယ်စားလှယ် ၃၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြပါတယ် ။

ကိုယ်တိုင် ဘိန်းစိုက်သူ ကိုစိုးလေးက တခြား သီးနှံတွေကို စိုက်ပျိုးချင်ပေမဲ့ အခက်အခဲတွေအမျိုးမျိုးကြောင့် တစ်နှစ်လုံး စိုက်ပျိုးတာတောင် မိသားစု စားဝတ်နေရေး မလုံလောက်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

တောင်သူတွေ အနေနဲ့ ဘိန်းအစားထိုး အသက်မွေး လုပ်ငန်းတွေ အလွယ်တကူ လုပ်ကိုင်ဖို့ လက်လှမ်း မမီတဲ့ကြတဲ့ အပြင် မိသားစုတွင်းနဲ့ ရပ်ရွာမှာပါ မူးယစ် ဆေးသုံးတဲ့ အန္တရယ်ကို ရင်ဆိုင်နေရတာတွေရှိနေလို့ ဒီပြဿနာတွေကို ကူညီ ဖြေရှင်းပေးဖို့ တောင်သူတွေက တောင်းဆိုထားကြပါတယ်။

မူးယစ်ဆေးဝါး ပြဿနာဟာ ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်တဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အစိုးရသစ် ဖြစ်လာတဲ့ အခါ ရင်ဆိုင်ရမယ့် အဓိက စိန်ခေါ်မှုကြီး ဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ