ချီးမြှင့်ငွေ ဥပဒေ ဘတ်ဂျက်ကို ထိခိုက်နိုင်

  • 16 ဒီဇင်ဘာ 2015
Burma Parliament ဓာတ်ပုံ မူပိုင် Reuters
Image caption လွှတ်တော် တာဝန် ထမ်းဆောင်ခဲ့သူတွေကို တလုံးတည်း ချီးမြှင့်ငွေ ပေးမှာဖြစ်ပါတယ်။

အစိုးရ အဖွဲ့ဝင်တွေနဲ့ လက်ရှိလွှတ်တော် တက်နေတဲ့ကိုယ်စားလှယ်တွေထဲမှာ တာဝန်ကနေ နားတော့မယ့် ကိုယ်စားလှယ် တွေကို တလုံးတခဲတည်း ချီးမြှင့်ငွေ ပေးအပ်မယ့် ဥပဒေကို ပြင်ဆင်သင့်တယ်လို့ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။

အခု လက်ရှိ လွှတ်တော်တက် နေကြတဲ့ အမတ်တွေထဲက ၉၅ ရာခိုင်နှုန်းက လာမယ့် လွှတ်တော်သစ်မှာ ပြန်ပါတော့မှာ မဟုတ်လို့ ချီးမြှင့်ငွေ ပမာဏက များတဲ့ အတွက် အခုပေးရင် လက်ရှိ နိုင်ငံရဲ့ ဘတ်ဂျက်ကို အတိုင်းအတာ တခုအထိ ထိခိုက် နိုင်တယ်လို့ သူက ပြောပါတယ်။

ပြည်ထောင်စု အဆင့် အဖွဲ့ အစည်းဝင်များရဲ့ စားရိတ် ချီးမြှင့်ငွေနဲ့ အဆောင်အယောင်များ ဆိုင်ရာ ဥပဒေ အပါအဝင် ဥပဒေ ၂၂ မျိုးကို ၂၀၁၀ ရွေးကောက်ပွဲ အပြီး လွှတ်တော်တွေ စတင် ပေါ်ပေါက်လာ ကတည်းက ပြဌာန်းထားခဲ့ပြီးဖြစ် ပါတယ်။

လက်ရှိ ရနေတဲ့လစာ၊ လွှတ်တော် သက်တမ်းတို့ အပေါ်အခြေခံပြီး အဲဒီချီးမြှင့်ငွေကို တွက်ချက် ရာမှာ လွှတ်တော် ကိုယ်စားလှယ်တွေ နောက်ဆုံးရတဲ့လစာကို သူတို့ လွှတ်တော် တာဝန်ထမ်း ဆောင်ခဲ့တဲ့ နှစ်ကာလနဲ့ မြှောက်ပြီး ချီးမြှင့်ငွေပေးအပ်သွားမယ် လို့လည်း သူက ပြောပါတယ်။

ပြဌာန်းပြီး ဥပဒေ အရ ချီးမြှင့်ငွေ ပေးအပ်မှာ ဖြစ်တဲ့ အတွက် ပြင်ဆင်လိုတယ် ဆိုရင် ဘဏ္ဍာရေး ဝန်ကြီးဌာနက လွှတ်တော်ကို တင်ရမယ်၊ အခုချိန်ထိတော့ တင်ပြလာတာ မရှိသေးဘူးလို့ ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ