နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်တွေကို SNLD စိုးရိမ်

  • 16 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် snld
Image caption စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်ဖို့ အားလုံးပါဝင်ဖို့ လိုကြောင်း SNLD က ပြော

ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီက အပစ်ရပ် အဖွဲ့တွေနဲ့ နိုင်ငံရေး ဆွေးနွေးတဲ့ အခါ ကိုင်စွဲရမယ့် မူဘောင်တွေကို သမ္မတ ဦးသိန်းစိန်ကို ပေးအပ်ခဲ့ပါတယ်။

အဆိုပါ မူဘောင်တွေ ရေးဆွဲခဲ့ရာမှာ တိုင်းရင်းသား အဖွဲ့တွေ အားလုံး မပါဝင်ခဲ့တဲ့ အတွက် စိုးရိမ်ပူပန်မှုတွေ ဖြစ်မိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SLND ပါတီက ပြောပါတယ်။

နောင်လာမဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ်လို့ KIA နဲ့ ဝတပ်မတော်တို့က ထုတ်ဖော် ပြောကြားခဲ့တဲ့ အတွက် ပိုမို အဆင်ပြေဖို့ အလားအလာရှိတယ်လို့ SNLD ပါတီ က ပြောပါတယ်။

အင်အားအကြီးဆုံး ဆိုလို့ KNU နဲ့ RCSS/SSA တို့ အဖွဲ့လောက်သာ ပါခဲ့ပြီး အခြား အင်အားကြီး အဖွဲ့တွေ ဖြစ်တဲ့ KIA တို့ ဝ တပ်မတော် တို့ မပါဝင်ခဲ့တဲ့ အတွက် ငြိမ်းချမ်းရေး ဟာ အဆင်ပြေပါ့မလားလို့ စိုးရိမ်မိကြောင်း ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး က ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ လူထု ထောက်ခံမှု ရရှိခဲ့လို့သာ ဒီနေ့ အချိန်ထိ ရပ်တည်နေတာ ဖြစ်ပြီး နယ်မြေခြင်း ထိစပ်နေတဲ့ နိုင်ငံတွေကလည်း နောက်ကွယ်ကနေ ထောက်ပံပေးနေတာကြောင့် ငြိမ်းချမ်းရေး အတွက် စိုးရိမ်မိတယ်လို့ ဦးခွန်ထွန်းဦးက ဆက်ပြောပါတယ်။

နောင်လာမဲ့ NLD အစိုးရ အနေနဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကို ချိန်ဆ တွေးတောပြီး အလုံးစုံပါဝင်တဲ့ ငြိမ်းချမ်းရေးကို ပါးပါးနပ်နပ် ကိုင်တွယ်ဖို့ လိုအပ်တယ် လို့လည်း ဆက်လက် ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ