ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ

  • 16 ဒီဇင်ဘာ 2015
updjc
Image caption UPDJC ဆွေးနွေးပွဲ (Center for Development Ethnic Study)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီနဲ့ သမ္မတ ဦးသိန်းစိန်တို့ ဒီနေ့ တွေ့ဆုံခဲ့ကြပြီးနောက် နောက်နှစ် ဇန်နဝါရီ လဆန်းပိုင်းမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ညီလာခံမှာ တပ်မတော် ကိုယ်စားလှယ် ၁၅၀ လက်နက်ကိုင် အပစ်ရပ် ၈ ဖွဲ့ရဲ့ ကိုယ်စားလှယ် ၁၅၀ အပါအဝင် ကိုယ်စားလှယ်ပေါင်း ၇၀၀ ပါဝင် ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

အဓိက အရေး အပါဆုံး ဆွေးနွေး ရမယ့် အကြောင်း အရာ တွေကတော့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တိုင်းရင်းသား လူမျိုးပေါင်စုံ အတွက် အာဏာသုံးရပ် ခွဲဝေရေး ၊ လုံခြုံရေး ဆိုင်ရာ ပြန်လည် ပေါင်းစည်းရေး လို့ ခေါ်ကြတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အရေး ဖြစ်ပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး အစရှိတဲ့ ခေါင်းစဉ်ကြီး ၆ ခုအတွက် ပင်မ ကော်မတီ ၆ ခုဖွဲ့စည်းမှာ ဖြစ်ပါတယ်။

ကော်မတီ ၆ ခုရဲ့ အောက်မှာ ခေါင်းစဉ်ငယ်တွေ အတွက် ဆပ်ကော်မတီတွေ ထပ်မံဖွဲ့စည်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ခေါင်းစဉ်ငယ်တွေ အတွက် ဆပ်ကော်မတီထဲက လူတွေက ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဆပ်ကော်မတီ စုစုပေါင်း ၂၀ လောက်ရှိနိုင်တယ်လို့ ချင်းအမျိုးသားတပ်ဉီးရဲ့ အဓိပတိ ကောင်စီဝင် ဆလိုင်းလျန်မုန်း ဆာခေါင်က ဆိုပါတယ်။

ဆပ်ကော်မတီ တွေမှာ ဆွေးနွေးတဲ့ အကြောင်းအရာတွေကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ တင်ပြ အတည်ပြုချက် ရယူရမှာ ဖြစ်ပြီး ညီလာခံက အတည်ပြုရင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဥပဒေအဖြစ် ရေးဆွဲပြီး လွှတ်တော်မှာ တင်ပြ ပြဋ္ဌာန်းမှာ ဖြစ်ပါတယ်။

အကြောင်းအရာ တခုကို ဥပဒေ တခု ထွက်ပေါ်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ညောင်နှစ်ပင် အမျိုးသားညီလာခံလိုမျိုး လူပေါင်းများစွာက နှစ်ပေါင်းများစွာ ဆွေးနွေးလာခဲ့ပြီးနောက်မှာ အများပြည်သူ လိုလား သဘောတူမယ့် ရလဒ် ထွက်ပေါ်မလာတဲ့ ညီလာခံမျိုး မဖြစ်နိုင်ဘူးလို့လည်း ဆလိုင် လျန်မုန်း ဆာခေါင်က ငြင်းဆိုသွားပါတယ်။