ရခိုင် အရပ်ဘက် အဖွဲ့အစည်း ဖိုရမ်ကျင်းပ

  • 18 ဒီဇင်ဘာ 2015
Image caption ရွေးကောက်ပွဲလွန် စိန်ခေါ်မှုတွေ အတွက် ရခိုင် အရပ်ဘက် စုပေါင်း ဆွေးနွေး

ဒီဇင်ဘာလ ၁၈ ရက်နေ့ကနေ စတင်ပြီး ၃ ရက်ကြာ ကျင်းပမဲ့ ရခိုင် အရပ်ဘက် အဖွဲ့အစည်းတွေ စုပေါင်း ဆွေးနွေးပွဲ ကို ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့မှာ ကျင်းပ ခဲ့ပါတယ်။

အရပ်ဘက် အဖွဲ့အစည်း တွေ စုပေါင်းပြီး လုပ်တဲ့ ဆွေးနွေးပွဲ ကို ပြည်နယ် အတွင်းက လူမှု အဖွဲ့အစည်း ၁၀၁ ဖွဲ့က ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော်နဲ့ အတူ အသိပညာရှင်၊ အတတ်ပညာရှင် တွေလည်း တက်ရောက် ခဲ့ကြပါတယ်။

အခု ဆွေးနွေးပွဲဟာ ရခိုင်ပြည်နယ်က လူမှု အဖွဲ့အစည်းတွေ စုပေါင်းပြီး ပထမဦးဆုံး အကြိမ်ကျင်းပတာ ဖြစ်ပြီး မြို့နယ် အသီးသီးမှာ ရှိတဲ့ လူမှု အဖွဲ့အစည်း တွေဟာ အစိုးရသစ် တက်လာတဲ့ အခါမှာ ဘယ်လောက် အထိ ပူးပေါင်း ဆောင်ရွက် နိုင်မလဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့ ဖြစ်ကြောင်း ဦးဆောင် ကျင်းပခဲ့သူ ဦးခိုင်ကောင်းစံ က ပြောပါတယ်။

ဆွေးနွေးပွဲ အတွင်း နိုင်ငံတော် တည်ဆောက်မှုမှာ အရပ်ဘက် လူမှုအဖွဲ့အစည်း တွေရဲ့ အခန်းကဏ္ဍနဲ့ ရွေးကောက်ပွဲ လွန် ကာလ ဖြစ်နိုင်ခြေ ရှိတဲ့ စိန်ခေါ်မှု ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ပညာရှင်တွေ နဲ့ အတူ စုပေါင်း ဆွေးနွေး ခဲ့ကြပါတယ်။

အာဏာလွှဲပြောင်းပြီးတဲ့ နောက်ပိုင်းမှာ စိန်ခေါ်မှုတွေ တိုင်းရင်းသား ရေးရာ ကဏ္ဍ စီးပွားရေး ကဏ္ဍ တွေမှာ အရပ်ဖက် အဖွဲ့အစည်း တွေ အနေနဲ့ လွတ်လပ်ပြီး အမှီအခို ကင်းဖို့ စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေး ခဲ့ကြတယ်လို့ မြန်မာ့ နိုင်ငံရေး လေ့လာသူ ဦးမင်းဇင် က ဘီဘီစီကို ပြောပါတယ်။

အခု ဆွေးနွေးပွဲ ကနေ ရခိုင်ပြည်နယ် အတွင်းမှာ ရှိနေကြတဲ့ အရပ်ဘက် အဖွဲ့ အစည်း တွေနဲ့ နောက်တက် လာမယ့် ဒီမိုကရေစီ အစိုးရတို့ အကြား မှာ ရခိုင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမို ပူးပေါင်းဆောင်ရွက်နိုင်မယ့် လမ်းစတွေကို ရှာဖွေ ချမှတ်နိုင်လိမ့်မယ်လို့လဲ ဦးဆောင် ကျင်းပသူ တွေက မျှော်လင့် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ