NCA မထိုးရသေးတဲ့ အဖွဲ့တွေကိုပါ ငြိမ်းချမ်းရေးညီလာခံကို ဖိတ်မယ်

  • 19 ဒီဇင်ဘာ 2015
_updjc_meeting_
Image caption နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး နဲ့ မြေယာ နဲ့ သဘာဝ ရင်းမြစ်ဆိုင်ရာ မူဝါဒ များ ဆိုတဲ့ အဓိက အခန်းကဏ္ဍ ၅ ခု ကို ဆွေး နွေး ကြမယ်။

လာမယ့် နှစ်ဆန်း ဇန်နဝါရီ ၁၂ ရက် မှာ စတင် ကျင်းပ မယ်ဆိုပြီး သမ္မတ ဦးသိန်းစိန် က ကြေညာချက် ထုတ်ပြန်ထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲမှာ ပါဝင် လက်မှတ် ရေးထိုးတာ မပြုလုပ် ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကိုလည်း ဖိတ်ကြားမယ် လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပူးတွဲ ကော်မတီ UPDJC က ပြောပါတယ်။

ဒါပေမယ့် ရခိုင်တပ်မတော် အာရ်ကန် အာမီ နဲ့ ဒီနှစ် ထဲမှာပဲ အစိုးရတပ် နဲ့ အကြား တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ကိုးကန့် တပ် MNDAA ကို ဖိတ်ဖို့ အစိုးရ ဘက်က အခက်အခဲ ရှိနေတယ် လို့ လည်း NCA ထဲမှာ ပါဝင် လက်မှတ် ရေးထိုး ခဲ့တဲ့ ချင်း အမျိုးသား တပ်ဦး CNF ရဲ့ ခေါင်းဆောင် ဖြစ်တဲ့ ဒေါက်တာ ဆလိုင်းလျန်မုန်း က ပြောပါတယ်။

အခု ငြိမ်းချမ်းရေး ညီလာခံ မှာ အခြေခံ ဆွေးနွေး ရမယ့် အကြောင်းအရာ မူဘောင် တွေ ကို ပြီးခဲ့တဲ့ သီတင်းပတ် ကပဲ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပူးတွဲ ကော်မတီ UPDJC အနေနဲ့ အတည်ပြု ခဲ့ ပြီး ဖြစ်ပါတယ်။

ဒါ့ကြောင့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး နဲ့ မြေယာ နဲ့ သဘာဝ ရင်းမြစ်ဆိုင်ရာ မူဝါဒ များ ဆိုတဲ့ အဓိက အခန်းကဏ္ဍ ၅ ခု ကို ဆွေး နွေး ကြမယ် လို့ UPDJC ရဲ့ အတွင်းရေးမှုး တစ်ယောက် ဖြစ်တဲ့ ဦးလှမောင်ရွှေက ဘီဘီစီ ကို ပြောပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး၊ တပ်နေရာ ချထားရေး နဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး စတဲ့ တစ်ခု နဲ့ တစ်ခု ဆက်နွယ် နေတဲ့ အကြောင်း ချင်းရာ အစုံစုံ ကို ကိုယ်စားလှယ် ဦးရေ ၇၀၀ ဝန်းကျင် တက်ရောက် ဆွေးနွေး ကြမယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမယ့်၊ အရင် စစ်အစိုးရ အဆက် ဆက် လက်ထက် က ပြုလုပ် ခဲ့တဲ့ အမျိုးသား ညီလာခံ၊ ညောင်နှစ်ပင် ညီလာ ခံ တွေ လိုပဲ လူများပြီး ပွဲ မစည်မယ့်၊ နိုင်ငံရေး အနှစ်သာရ ရှိတဲ့ အပြောင်းအလဲ တွေ ဖြစ် မလာနိုင်မယ့် ညီလာခံ မျိုးလား ဆိုတဲ့ စိုးရိမ် ဝေဖန် မှု တွေ လည်း တိုင်းရင်းသား တွေ ဘက်က နေ ထွက်ပေါ် လာ နေပါတယ်။

NCA စာချုပ် ပါ အချက် တွေ အရ သတ်မှတ်ထားတဲ့ လက်မှတ်ထိုးပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ တွေ စတင် လာနိုင် အောင် အခြေ ခံ အုတ်မြစ် အနေနဲ့ ဒီ ညီလာခံ ကို ပထမ အဆင့် ကျင်း ပ ရတာ ဖြစ်ပြီး နောက် အစိုးရ လက်ထက် မှာပါ ရေရှည် ညှိနှိုင်း သွားရလိမ့်မယ်လို့ ဦးလှမောင်ရွှေက ဆိုပါတယ်။

အခု ကျင်းပမယ် ဆိုတဲ့ ညီလာခံမှာ ဆွေးနွေးဘက် အစုအဖွဲ့ တစ်ခု အနေနဲ့ ပါဝင်မယ့် လက်ရှိ လွှတ်တော် ကိုယ်စားလှယ် တွေ ရဲ့ သက်တမ်း ကလည်း ဇန်နဝါရီ ၃၀ ဆိုရင် ကုန်ဆုံး တော့မှာ ဖြစ်တဲ့ အတွက် ညီလာခံ ပထမ အဆင့် ဆွေးနွေးပွဲတွေ ကို အလွန်ဆုံး ဇန်နဝါရီ ၂၂ - ၂၃ ရက် လောက် ထိပဲ ပြုလုပ် နိုင်မှာ ဖြစ်တယ် လို့ ဦးလှမောင်ရွှေက ခန့်မှန်း ပါတယ်။

ဒါ့ကြောင့် နိုင်ငံရေး ဆွေးနွေးပွဲ တွေ ရဲ့ အပြီးသတ် ရလာဒ် ကို ဘယ်အချိန် နောက်ဆုံး ထားပြီး ရရှိ နိုင်မယ် ဆိုတာကိုတော့ အခု လောလော ဆယ် မှာ မပြော နိုင်သေးတဲ့ အခြေအနေ မှာပဲ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ