သတင်းမီဒီယာ ကဏ္ဍ ဘာတွေ ပြင်ဖို့လိုမလဲ

  • 21 ဒီဇင်ဘာ 2015
Image caption သတင်းမီဒီယာ လောက အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာ နိုင်

မြန်မာ နိုင်ငံ အပြောင်းအလဲ အတွက် အခြား ကဏ္ဍတွေလိုပဲ အရေးပါတဲ့ မီဒီယာ ကဏ္ဍမှာ မကြာခင် အပြောင်းအလဲ ကြုံတွေ့ရမှာတွေနဲ့ ပါတ်သက်လို့ ရန်ကုန် သတင်းစာ ပညာကျောင်း က ဒါရိုက်တာ ဦးရဲနိုင်မိုး ကို ဆက်သွယ် မေးမြန်း ထားပါတယ်။

အရင် အစိုးရခေတ် ကလို မဟုတ်တော့ဘဲ လူကြိုက်များတဲ့ အစိုးရ တက်လာမှာ ဖြစ်တဲ့ အတွက် သတင်းမီဒီယာ လောက အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာ နိုင်တယ်လို့ ဆိုပါတယ်။

တစ်ချိန်လုံး ဒီမိုကရေစီကို တောင်းဆို လာခဲ့တဲ့ နောက်တက်လာမဲ့ အစိုးရ အနေနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် ပြုမယ်လို့ မျှော်လင့်ကြောင်း ဦးရဲနိုင်မိုး က ဘီဘီစီ ကို ပြောပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာနကို အစိုးရ အသစ် အနေနဲ့ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပြီး ဒီမိုကရေစီ နိုင်ငံတွေမှာ ဆိုရင် ပြန်ကြာရေး ဝန်ကြီးဌာန ဆိုတာ မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။

နေ့စဉ် သတင်းစာတွေကို ပုဂ္ဂလိကပိုင် ဖြစ်အောင် လုပ်နိုင်မလား ဒါ့အပြင် ရုပ်မြင် သံကြား လုပ်ငန်းတွေကို လူထု ဝန်ဆောင်မှု လုပ်ငန်းတွေ အနေနဲ့ လုပ်ကိုင်မလား ဆိုတာတွေကိုလည်း စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။

ရေဒီယို နဲ့ ပုံနှိပ်မီဒီယာ လုပ်ငန်းတွေ မှန်မှန်ကန်ကန် ဖွံ့ဖြိုးဖို့ အတွက် လုပ်ဆောင်ရမှာ ဖြစ်ပြီး ကျေးလက် ဒေသက တိုင်းရင်းသား ဘာသာ စကားနဲ့ ထုတ်လွှင့်မယ့် community radio တွေ အထိ ဖန်တီး ပေးဖို့လည်း လိုတယ်လို့ ပြောပါတယ်။

တပ်မတော် နဲ့ အစိုးရ အကြား ထိပ်တိုက် တွေ့ဖို့ ဖြစ်လာ နိုင်တဲ့ သတင်းတွေ ရေးသား ရာမှာ သတင်းမီဒီယာ တွေ ဘက်က အထောက်အထားတွေ သတင်း အရင်းအမြစ်တွေကို အသေအချာ လေ့လာပြီး မှ ရေးကြဖို့လည်း လိုမယ်လို့ ပြောပါတယ်။

သတင်းမီဒီယာ ကောင်စီဟာ လိုအပ်ရင် ပြန်ကြားရေး ဝန်ကြီးဌာန နဲ့ ညှိနှိုင်း ဆွေးနွေး ရမယ်လို့ နည်း ဥပဒေမှာ ပါရှိနေတာဟာ သတင်း မီဒီယာ ကောင်စီ နဲ့ သိပ်ပြီး လွတ်လပ်မှု မရှိဘူး ဖြစ်နေတဲ့ အတွက် အစိုးရသစ် အနေနဲ့ ပြင်ဆင် ရမယ့် အချက် တစ်ခု ဖြစ်တယ်လို့ ဦးရဲနိုင်မိုးက ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ