ဆရာအရည်အသွေး မြှင့်ဖို့နဲ့ မူလတန်းပညာရေး အားလုံးရနိုင်ဖို့ NLD လုပ်ဆောင်မယ်

  • 21 ဒီဇင်ဘာ 2015
myanmar_education
Image caption သက်တမ်း ၅ နှစ် အတွင်း အားလုံး လက်လှမ်းမှီ တဲ့ မူလတန်း ပညာရေးမျိုး ဖန်တီး ပေးနိုင် ဖို့ လုပ်ဆောင် မယ်။

မြန်မာ နိုင်ငံရဲ့ ပညာရေး ကဏ္ဍ မြှင့်တင် ပြောင်းလဲ နိုင်ဖို့ အတွက် ဆိုရင် အခြေခံ ပညာ က စလို့၊ နည်းပညာနဲ့ အသက် မွေး ဝမ်းကျောင်း ပညာ၊ အဆင့်မြင့် ပညာ စသဖြင့် သက်ဆိုင်ရာ နယ်ပယ် တွေ အတွက် ပညာရေး ဥပဒေ တွေ အသီးသီး ထွက်ပေါ် လာအောင် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အနေနဲ့ ပြုလုပ် သွားမှာ ဖြစ်တယ် ဆိုပြီး NLD ရဲ့ ရွေးကောက်ခံ အမတ်များရဲ့ ပညာရေး ကော်မတီ ဥက္က ဒေါ်စုစုလွင်က ပြောပါတယ်။

အထူး သဖြင့် နည်းပညာနဲ့ အသက်မွေး ဝမ်းကျောင်း ပညာရပ် တွေကနေ လက်ရှိ အခြေအနေ ထက် အများကြီး အခွင့်အလမ်းတွေ ဖြစ်ထွန်း လာအောင် ဖန်တီး ပေးနိုင်မှသာ ပညာရေး ကဏ္ဍ မြင့်မား လာမှာ ဖြစ်တယ် လို့ လည်း ဒေါ်စုစုလွင် က ဆိုပါတယ်။

NLD အနေနဲ့ ဦးစားပေး လုပ်ဆောင်မယ့် အထဲမှာ ဆရာ/ဆရာမ တွေ ရဲ့ အရည်အသွေးနဲ့ ကျွမ်းကျင်မှု တွေ ပိုမို တိုးတက် ကောင်းမွန် လာအောင် ဆောင်ရွက် ပေးဖို့ လည်း ပါဝင်တယ် လို့ ဒေါ်စုစုလွင်က ဘီဘီစီ ကို ပြောပါတယ်။

ကဏ္ဍ အားလုံးကို တပြိုင်နက်တည်း ချက်ခြင်း ဆိုသလို ပြောင်းလဲ သွားအောင် လုပ်ဆောင် လို့ မရ နိုင်တဲ့ အတွက် ဦးစားပေး အနေနဲ့ လာမယ့် သက်တမ်း ၅ နှစ် အတွင်း အားလုံး လက်လှမ်းမှီ တဲ့ မူလတန်း ပညာရေးမျိုး ဖန်တီး ပေးနိုင် ဖို့ လုပ်ဆောင် မယ် ဆိုပြီး တော့လည်း ကိုယ်တိုင် ရန်ကုန် တက္ကသိုလ် မှာ ကထိက တစ်ဦး အဖြစ်လုပ်ဆောင် ခဲ့ဖူးတဲ့ ဒေါ်စုစုလွင်က ဆိုပါတယ်။

NLD ဦးဆောင်တဲ့ အစိုးရသစ် ပေါ်ပေါက် လာတဲ့ အခါ အစိုးရ ဘတ်ဂျက် ရဲ့ ဘယ်လောက် ရာခိုင်နှုန်း အထိ ပညာရေး အသုံးစရိတ် အဖြစ် လျာထားမယ် ဆိုတဲ့ ကိစ္စ မျိုး ကို လောလောဆယ် အတိတကျ မပြောနိုင် သေးပေမယ့် ပညာရေး ကဏ္ဍ အတွက် ပြည်သူ့ ဘဏ္ဍာ ငွေကြေး တွေ အပါအဝင် နိုင်ငံတကာ အကူအညီ တွေကို လက်တွေ့ကျပြီး ထိရောက်တဲ့ နေရာတွေမှာ သုံးစွဲ သွားမယ်လို့ ဒေါ်စုစုလွင် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ