သမ္မတဟောင်း လုံခြုံရေး ဥပဒေကြမ်းထွက်

  • 21 ဒီဇင်ဘာ 2015
thein sein
Image caption လက်ရှိ သမ္မတ ဦးသိန်းစိန်

နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင် ခဲ့သူရဲ့ လုံခြုံရေး ဆိုင်ရာ ဥပဒေကြမ်း ကို ဒီဇင်ဘာ ၂၁ ရက် နေ့စွဲနဲ့ နိုင်ငံပိုင် သတင်းစာတွေက တဆင့် ထုတ်ပြန်ခဲ့ပါတယ်။

အများပြည်သူ လေ့လာဖို့ ဆိုပြီး သတင်းစာ တွေမှာ ဖော်ပြထားတဲ့ သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေး ဆိုင်ရာ ဥပဒေကြမ်း မှာ သူ တာဝန် ထမ်းဆောင်ခဲ့တဲ့ ကာလ အတွင်း တာဝန် အရ လုပ်ဆောင် ခဲ့တာတွေကို တရားစွဲဆို အရေးယူခံရခြင်းက ကင်းလွတ် စေရမယ် လို့ ပါရှိပါတယ်။

ဥပဒေကြမ်းက သမ္မတ တာဝန် ထမ်းဆောင် ခဲ့သူရဲ့ အသက် အန္တရာယ်နဲ့ လုံခြုံရေးကို အကာအကွယ် ပေးဖို့ ဖြစ်ပြီး အဲဒီ လုံခြုံရေး အကာ အကွယ်ကို ရာသက်ပန် ခံစားခွင့် ရှိမှာ ဖြစ်ပါတယ်။

ဒီ ဥပဒေကြမ်းမှာ အခန်း ၅ ခန်းနဲ့ အပိုဒ် ၁၄ ခု ပါရှိပြီး သမ္မတ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သူရဲ့ အသက် အန္တရာယ် ၊ သူနဲ့ သူ့မိသားစု လုံခြုံရေး အပြင် နိုင်ငံတော် စရိတ်နဲ့ ရာသက်ပန် ကိုယ်ရံတော် ထားပြီး အကာအကွယ် ပေးဖို့ကိစ္စတွေပါ ပါဝင် ပါတယ် ။

အရင် ပါလီမန် ခေတ်က ဝန်ကြီးချုပ် ဦးနုကို တရားစွဲတာတွေ ရှိခဲ့တာမို့ ဒီ ဥပဒေကြမ်းကို ထုတ်ပြန်တာဟာ ခေတ်နဲ့ မဆီလျော်ဘူးလို့ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ယက် က တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်း က ပြောပါတယ်။

အာဏာ မရှိတဲ့ အချိန်မှာ ပြန်ပြီး တရားစွဲဆိုမှာ စိုးလို့ ပြဋ္ဌာန်းဖို့ စီစဉ်တာ ဖြစ်နိုင်တယ် လို့လည်း ဆိုပါတယ်။ ဒီ ဥပဒေကြမ်းကို အများပြည်သူ သိရှိလေ့လာ အကြံပြုတာ ဖြစ်ပြီး လွှတ်တော် နှစ်ရပ်မှာ ဆွေးနွေး အတည်ပြုပြီးမှသာ ဥပဒေ အဖြစ် အသက်ဝင်မှာ ဖြစ်တယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ