မြန်မာနိုင်ငံသားတွေကို ကွင်းလုံးကျွတ် လွှတ်ဖို့ ထိုင်းရှေနေများ အဖွဲ့ တောင်းဆို

  • 21 ဒီဇင်ဘာ 2015
_thai_murder ဓာတ်ပုံ မူပိုင် epa
Image caption တရားလို ရှေ့နေ တွေ ဘက်က ကိုင်စွဲ ထားတဲ့ အဓိက အချက် ၃ ချက် စလုံး ကို ပြန်လည် ဖြေရှင်း နိုင်တဲ့ အတွက် စီရင်ချက် ချမှတ် တဲ့ အခါ အဖြေကောင်း ထွက် လာနိုင်တယ်။

ဗြိတိန် နိုင်ငံသား နှစ်ဦး အသတ်ခံရမှုနဲ့ ထိုင်းနိုင်ငံမှာ ဖမ်းဆီး တရားစွဲဆို ခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦး ကို အမှုကနေ ကွင်းလုံးကျွတ် လွှတ်ပေးဖို့ ထိုင်းရှေနေများ အဖွဲ့က ကြေညာချက် ထုတ် တောင်းဆို လိုက်ပါတယ်။

အဲဒီ့အမှု ကို ထိုင်းတရားရုံးက အမိန့် ချမှတ်တော့မယ့် ဒီဇင်ဘာ ၂၄ ရက် ကြာသာပတေးနေ့ မတိုင်ခင် အခုလို ကြေညာချက် ထွက်လာတာပါ။

မြန်မာနိုင်ငံသား နှစ်ဦး ဖြစ်တဲ့ ဇော်လင်း နဲ့ ဝင်းဇော်ထွန်း ခေါ် ဝေဖြိုး တို့ဟာ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလ တုန်းက ထိုင်း နိုင်ငံ တောင်ပိုင်း ကော်တောင်ကျွန်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဗြိတိသျှ အမျိုးသမီး Hannah Witheridge ကို အဓမ္မ ပြုကျင့်ပြီး သတ်ဖြတ်မှု၊ ဗြိတိသျှ အမျိုးသား David Miller ကို သတ်ဖြတ်မှု တွေ နဲ့ ဖမ်းဆီး စွဲဆို ခံ နေရတာ ဖြစ်ပါတယ်။

တရားခံလို့ အစွပ်စွဲ ခံထားရသူ မြန်မာ နိုင်ငံသား နှစ်ဦးဘက်က ဥပဒေအရ ထုချေ နိုင်ဖို့ အတွက် ထိုင်းရှေ့နေများ ကောင်စီက ဘန်ကောက်မြို့ မြန်မာ သံရုံးနဲ့ ညှိနှိုင်းပြီး အခမဲ့ အကျိုးဆောင် ပေး နေတာ ဖြစ်ပါတယ်။

တရားလို ရှေ့နေ တွေ ဘက်က ကိုင်စွဲ ထားတဲ့ အဓိက အချက် ၃ ချက် စလုံး ကို ပြန်လည် ဖြေရှင်း နိုင်တဲ့ အတွက် စီရင်ချက် ချမှတ် တဲ့ အခါ အဖြေကောင်း ထွက် လာနိုင်တယ် ဆိုပြီး ဘန်ကောက် မြန်မာသံရုံး ဥပဒေအကြံပြု ရှေ့နေ ဦးအောင်မျိုးသန့်က ဘီဘီစီ ကို ပြောပါတယ်။

ပထမ အချက် ဖြစ်တဲ့ တရားခံ တွေ က ဖြောင့်ချက် ပေးခဲ့တယ် ဆိုပြီး ထိုင်းရဲ က တင်ပြ ခဲ့တဲ့ အချက် ဟာ ဖြောင့်ချက် ရယူ တုန်းက လိုက်နာရမယ့် ဥပဒေ ထုံးတမ်းတွေ နဲ့ မကိုက်ညီ လို့ ပျက်ပြယ် ခဲ့ရပြီး ဖြစ်တဲ့ အပြင်၊ ဒုတိယ အချက် ဖြစ်တဲ့ DNA စမ်းစစ် ချက် နဲ့ ပတ်သက်ပြီးတော့ လည်း ထိုင်း အမျိုးသား ဆရာဝန်ကြီး ဒေါတာ ဖွန်သစ်ရဲ့ တရားခွင်မှာ လာရောက် ထွက်ဆိုမှု ဟာ တရားခံ အဖြစ် စွပ်စွဲ ခံထားရသူတွေ ဘက် အလေးသာ စေခဲ့တယ်လို့ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

နောက်ဆုံး အချက် ဖြစ်တဲ့ ထိုင်းရဲ က ဝင်းဇော်ထွန်း ရဲ့ ပုံ အဖြစ် CCTV မှတ်တမ်း ဓာတ်ပုံ ကိုလည်း အင်္ဂလန် အထိ ပို့ပြီး ကျွမ်းကျင်သူတွေ နဲ့ စစ်ဆေး ရာက ထိုင်းရဲ တွေ စွပ်စွဲ ထားသလို မဟုတ် ဘူး ဆိုပြီး အဖြေ ရထား တဲ့ အတွက် တရားရုံး ကို တင်ပြ ထားပြီး ဖြစ်တယ် လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ဒါ့ကြောင့် ကြာသာပတေး နေ့ ကော့စမွီ ကျွန်း တရားရုံးက နေ အမိန့် ချမှတ်တဲ့ အခါ တရားခံ အဖြစ် စွပ်စွဲ ခံနေရ သူတွေ အတွက် အဖြေကောင်း ထွက်လာ နိုင်ဖို့ တရားခံ ရှေ့နေတွေ ဘက်က မျှော်လင့် နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ