ဖားကန့်ကိစ္စ ရှင်းဖို့ ဦးရွှေမန်းက သမ္မတကို တိုက်တွန်း

  • 21 ဒီဇင်ဘာ 2015
Phakant ဓာတ်ပုံ မူပိုင် AFP
Image caption ဖားကန့်မှာ နိုဝင်ဘာလက မြေစာပုံပြိုလို့ လူ ရာကျော် သေဆုံးခဲ့ရ

ကချင်ပြည်နယ် ဖားကန့် ဒေသမှာ ကျောက်စိမ်း တူးဖော်မှုတွေနဲ့ ပတ်သက်တဲ့ လတ်တလော အခြေ အနေတွေ အပေါ် ဒေသခံ ပြည်သူတွေ စိုးရိမ်ပူပန်နေကြတဲ့ အတွက် သက်ဆိုင်ရာ အစိုးရ ဌာနက လွှတ်တော်မှာ လာရောက် ရှင်းလင်းဖို့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက နိုင်ငံတော် သမ္မတဆီ သဝဏ်လွှာ ပေးပို့ တိုက်တွန်းလိုက် ပါတယ်။

ဖားကန့် ဒေသမှာ မကြာခဏ မြေစာပုံ ပြိုကျပြီး လူအများ အသက်ဆုံးရှုံးရတဲ့ ဖြစ်ရပ်တွေ၊ စက်ယန္တယားကြီးတွေကို သုံးပြီး အလွန်အကျွံ ကျောက်စိမ်း တူးဖော်တာတွေကို ပြည်သူတွေက စိုးရိမ်နေကြတာ ဖြစ်တယ်လို့ ဦးရွှေမန်း ပေးပို့တဲ့ သဏ်လွှာမှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလ အတွင်း ထုတ်ပြန်တဲ Global Witness အဖွဲ့ရဲ့အစီရင် ခံစာမှာ ဖားကန့်ဒေသက ကျောက်စိမ်းထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့ ၂၀၁၄ တစ်ခုတည်းမှာတင် အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံကျော် ရှိခဲ့ကြောင်းနဲ့ ဒီပမာဏဟာ မြန်မာ တစ်နိုင်ငံလုံး အမျိုးသားထုတ်ကုန် ပမာဏရဲ့ ထက်ဝက်ဖြစ်တယ် လို့ ဖော်ပြထားပါတယ်။

ဒါအပြင် ဒေသခံတွေကန့်ကွက် နေတဲ့ကြားက အခုရက်ပိုင်းအတွင်း အရှိန်အဟုန်နဲ့ ကျောက်စိမ်း တူးဖော်ဖို့ပြင်နေတာ တွေနဲ့ ပတ်သက်လို့ လွှက်တော် ပိုင်းကလည်း စိုးရိမ် ပူပန်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှက်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

လက်ရှိ ပြဿနာတွေ အတွက် အစိုးရနဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ဖို့ ခွင့်ပြုထားတဲ့ ဝန်ကြီးဌာန တွေမှာ အဓိက တာဝန်ရှိတယ်၊ သူတို့ကပဲ တာဝန်ယူ ဖြေရှင်းရမယ်လို့ သူက ပြောပါတယ်။

အစိုးရဝန်ကြီး ဌာနတွေ ဘက်က ဒီလို ပြသနာတွေဖြစ်လာ ရင် တာဝန်ယူဖြေရှင်းတာထက် သူတို့ရဲ့ အစီရင်ခံစာတွေကို ဖတ်ပြသွားတာက များပါတယ်။

ဒါပေမဲ့ အခု ဖားကန့်ကိစ္စဟာ အရေးကြီးတဲ့ အတွက် အစိုးရဘက်က တာဝန်ယူ တာဝန်ခံဖို့ လိုသလို သက်ဆိုင်ရာတာဝန်ရှိ သူတွေ ကိုလည်း အရေးယူဖို့ လိုတယ်၊ လိုအပ်ရင် လိုအပ်သလို အရေးယူ စေချင်တယ်လို့ လွှတ်တော်အမတ်တွေက ယူဆကြကြောင်း ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။