ဟဲပါ စခန်းက ဒုက္ခသည် ကိုယ့်ကိုယ်ကို သတ်သေ

  • 22 ဒီဇင်ဘာ 2015
Image caption ရာသီဥတုဆိုးရွားတဲ့ဒဏ် ဒုက္ခသည်တွေခံစားနေရ

ဒီဇင်ဘာလ ၁၉ ရက်နေ့ က ရှမ်းပြည် မိုင်းရှူး မြို့နယ် က ဟဲပါ ဒုက္ခသည် စခန်းမှာ ဒုက္ခသည် တစ်ဦး ကိုယ့်ကိုကိုယ် သတ်သေမှု ဖြစ်ပွား ခဲ့ပါတယ်။

ဟဲပါ ဒုက္ခသည် စခန်းဟာ အစိုးရ တပ်တွေနဲ့ SSPP/SSA ရှမ်းမြောက် တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွား နေတာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး လာကြသူတွေ နေထိုင် ရာ စခန်း တစ်ခု ဖြစ်ပါတယ်။

ဒုက္ခသည် စခန်းမှာ လာရောက် နေထိုင်တဲ့ ကိုးကန့် လူမျိုး လင်မယား စုံတွဲက အမျိုးသား ဖြစ်သူဟာ ကိုယ့်ကိုကိုယ် သတ်သေခဲ့ပြီး ကိုယ်ဝန်ဆောင် မိန်းမ ဖြစ်သူနဲ့ ကလေးငယ် တစ်ယောက် ကျန်ရစ် ခဲ့ပါတယ်။

စခန်းမှာ နေရေး ထိုင်ရေး နဲ့ စားရေး သောက်ရေး အတွက် အဆင်မပြေမှုတွေ ဖြစ်ပေါ်နေတာကြောင့် အခုလို အဆုံးစီရင်သွားတာမျိုး ဖြစ်နိုင်ကြောင်း ဟဲပါ စခန်းမှာ ဆေးကုသ ပေးနေတဲ့ ဒေါက်တာ ထက်ထက်ဇော်က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ တပ်နဲ့ SSPP/SSA တို့ အကြားမှာ အပစ်အခတ် ရပ်စဲ ခဲ့ပြီ ဆိုပေမယ့် အဆိုပါ ဒုက္ခသည် စခန်းမှာ ဒုက္ခသည် တစ်ထောင်လောက် ကျန်ရှိ နေပါသေးတယ်။

ရာသီဥတု ဆိုးရွားတဲ့ ဒဏ်ကို ဒုက္ခသည်တွေ ခံစားနေရပြီး အချို့ဟာ မိမိတို့ နေရပ်တွေကို အမြန်ဆုံး ပြန်လိုကြောင်းလည်း ပြောပါတယ်။

ဒုက္ခသည် အများစုဟာ အသက်ရှု လမ်းကြောင်းနဲ့ ဆိုင်တဲ့ ဝေဒနာတွေ ခံစားနေရပြီး ဆေးကုသမှုပေးဖို့ အတွက် စေတနာ့ဝန်ထမ်းတွေ လိုအပ်နေတယ်လို့ ဒေါက်တာ ထက်ထက်ဇော်က ဆက်လက် ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ