မြေပြိုမှုပြောင်းရွှေ့ခဲ့ရသူတွေ အဆင်မပြေမှုကြုံ

  • 23 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အိမ်အသစ်တွေ အဆင်သင့် မဖြစ်သေးဘူးလို့ ဒုက္ခသည်တွေပြော

ချင်းပြည်နယ်၊ ဟားခါးမြို့ နယ်ထဲ မိုးကြီးပြီး မြေပြိုခဲ့မှုတွေ ကြောင့် အိုးအိမ် တွေ ပျက်စီး ဆုံးရှုံး ခဲ့ရ သူတွေ အတွက် အစားထိုး အိမ်ယာတွေ ဆောက်လုပ် ပေးနေတဲ့ လုပ်ငန်းတွေဟာ လက်စ မသတ် နိုင်သေးခင် မှာပဲ နေရာသစ် က အိမ်သစ် တွေဆီ ပြောင်း ရွှေ့ သွားသူတွေ ရှိ လာပါတယ်။

အခုနှစ် ဂျွန်လ ကတည်းက မြန်မာပြည် အနှံ့ မိုးကြီး ပြီး ရေကြီး ရေလျှံ တဲ့ ဒဏ် ကို ခံခဲ့ ရတာ မှာ ချင်းပြည် နယ် မြို့တော် ဟားခါး အပါအဝင် ဘေး ပတ်ဝန်းကျင် ကျေးရွာ တချို့ လည်း မိုး ကြီးပြီး မြေပြိုမှု တွေ ကြောင့် အိုးအိမ် တွေ ဆုံးရှုံး ခဲ့ရပါတယ်။

ဒါ့ကြောင့် ဆုံးရှုံးခဲ့ရတဲ့ အိမ်ခြေ ပေါင်း ၇၃၂ လုံးက မိသားစု တွေ ဟာ ဟားခါး မြို့ က ဒုက္ခသည် စခန်းမှာ ယာယီ မှီခို နေခဲ့ ကြရတာ ဖြစ်ပါတယ်။

သူတို့ အတွက် အစားထိုး အိမ် တွေကို ဟားခါးမြို့သစ် အနေနဲ့ တိုးချဲ့ ထားတဲ့ ဟားခါး-ဖလမ်း လမ်း တလျှောက် အစိုးရ က ဆောက်လုပ် ပေး နေပါတယ်။

အခု ရက်ပိုင်း မှာပဲ အိမ်သစ် နေရာ တွေ ပြောင်းရွှေ့ သွားတဲ့ မိသားစု တချို့ ရှိ လာ ခဲ့ ကြပြီ ဖြစ်ပေမယ့်၊ အဲဒီ့ အိမ်သစ် တွေ ဟာ တကယ်တော့ နေထိုင် ဖို့ရာ အဆင့်သင့် ဖြစ်တဲ့ အနေ အထား မှာ မရှိကြ သေးဘူး ဆိုပြီး ဒုက္ခသည် တွေ အရေး ကို ဆောင်ရွက် ပေးနေတဲ့ ဆလိုင်း ဖူးရယ်လ် က အခုလို ပြောပါတယ်။

အိမ်သစ်တွေမှာ လိုအပ်တာ တွေ မပြည့်စုံ သေးတာ ကြောင့် ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ က မပြောင်း ရွှေ့ပဲ နေဖို့ အကြံပေး တဲ့ ကြား ထဲကပဲ၊ စခန်းထဲ ယာယီ တဲ တွေနဲ့ မိုး မလုံ လေမလုံ အင်မတန် ချမ်းချမ်းစီးစီး နေနေရတာ ထက် စာရင် အိုးနဲ့ အိမ် နဲ့ နေရဖို့ မျှော်လင့် ချက် နဲ့ ပြောင်းသွား ကြတာ ဖြစ်တယ် လို့ လည်း ဆလိုင်း ဖူးရယ်လ် က ဆိုပါတယ်။

အစိုးရ က တာဝန် ယူ ဆောက် ပေး နေတဲ အိမ်သစ် တွေ က လောလောဆယ် မှာ လောလောဆယ် အလုံး ၅၀ လောက်ပဲ ပြီး သေး ပြီး ရေ၊ မီး နဲ့ အိမ်သာ တို့လို အခြေခံ ကိစ္စ တွေ ကိုလည်း ဖြည့် စည်း ပေးရ ဦးမှာပါ။

ဒါ့အပြင်၊ အစိုးရ ဆီ က ငွေကြေးယူ ပြီး ကိုယ်တိုင် အိမ် ဆောက် ကြမယ် ဆိုသူတွေ အတွက် လည်း ၊ ဘယ်နေရာ မှာ ဆောက်ခွင့် ပြုမယ် ဆိုတာ အတိတကျ ချ မပေးသေး ဘူးလို့ ဆလိုင်း ဖူးရယ်လ် က ဆိုပါတယ်။

ဒီတော့ မိသားစု ၇၀၀ ကျော် အတွက် အိုးအိမ် အတိတကျ ဖြစ်ဖို့နဲ့၊ အထောက်အပံ့ ခံ ဘဝ က ကင်းလွတ်ပြီး ကိုယ့်ဘဝကိုယ် ထူထောင် နိုင်ဖို့ ကတော့ အလှမ်းဝေး သေးတယ် လို့ ဒုက္ခသည် အရေး ဆောင်ရွက် ပေး နေသူတွေ က ပြော နေ ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ