ကာလုံအဖွဲ့ ဥပဒေ ပြဋ္ဌာန်းဖို့ ပြင်ဆင်

  • 23 ဒီဇင်ဘာ 2015
Sr General Min Aung Hlaing
Image caption ကာလုံမှာ ကာကွယ်ရေး ဦးစီးချုပ် ဘက်က ၆ မဲရှိ

မြန်မာ့ နိုင်ငံရေးမှာ အရေးပါဆုံး ဆုံးဖြတ်ချက် တွေ ချနိုင်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို ဥပဒေပြုပြီး ပြဋ္ဌာန်းဖို့ ဥပဒေကြမ်း တစ်ခုကို လွှတ်တော် အမတ် တွေဆီ ဖြန့်ဝေထား ပါတယ်။

လက်ရှိ လွှတ်တော် သက်တမ်းကုန်ဖို့ လပိုင်း လောက်ပဲ လို့တော့တဲ့ အချိန်မှာ လွှတ်တော် အမတ်တွေ လေ့လာဖို့ ဆိုပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့က ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်း ကို အစိုးရ ဘက်က တင်တာလို့ ယူဆရ ပါတယ်။

ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ ရဲ့ ဆုံးဖြတ်ချက် တွေကို မဲခွဲရာမှာ သမ္မတ က မဲပေးခွင့် မရှိတဲ့ အတွက် သမ္မတ ဘက် က အစိုးရ အဖွဲ့ဝင် ငါးယောက် ထဲမှာ လေးယောက် သာ မဲပေးခွင့် ရမှာ ဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ် ဘက်က ခြောက်ယောက် စလုံးက မဲပေးခွင့် ရှိတဲ့ အတွက် တပ်ဘက်က အသာရနေတယ် လို့ မြင်ပြီး သံသယ ဝင်မိတယ် လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ က ပြောပါတယ်။

ကာလုံအဖွဲ့ဝင်များ

ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ မှာ အဖွဲ့ဝင် ၁၁ ယောက် ပါရှိပါတယ်။ အဲဒီထဲမှာ ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် နဲ့ ကာကွယ်ရေး ဦးစီးချုပ် က ခန့်ထားတဲ့ ဝန်ကြီး သုံးယောက် အပြင် တပ်မတော်သား အမတ် တွေက အဆိုပြု ထားတဲ့ ဒုတိယ သမ္မတ တို့က ကာကွယ်ရေး ဦးစီးချုပ် ဘက်က မဲတွေဖြစ်လို့ ခြောက်မဲ ရထားပြီး ဖြစ်ပါတယ်။

ကျန်တဲ့ အဖွဲ့ဝင်တွေက သမ္မတ၊ ဒုတိယ သမ္မတ နောက်တစ်ယောက်၊ နိုင်ငံခြားရေး ဝန်ကြီးနဲ့ လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက်တို့ ဖြစ်ပါတယ်။

ဒီဥပဒေ အတိုင်း အတည် ဖြစ်လာရင် ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သမ္မတထက် တပ်က ပိုပြီး အရေးပါလာဖို့ ရှိပါတယ်။

အခြေခံ ဥပဒေ ကို အထူးပြု လေ့လာနေတဲ့ ဥပဒေပညာရှင် ဦးအုန်းလှိုင် ကတော့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဘောမပါဘဲ သမ္မတ အနေနဲ့ ဘာမှ လုပ်ခွင့် ရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

လက်ရှိ လွှတ်တော် ကို လာမယ့် ဇန်နဝါရီလ ၂၉ ရက် နေ့မှာ ရပ်နားတော့မှာ ဖြစ်ပါတယ်။

အခု လွှတ်တော် သက်တမ်းမှာ ဒီဥပဒေကို မဲခွဲရင် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ စစ်တပ် ဘက်က လူတွေက လွှတ်တော်မှာ အများစု ဖြစ်တာကြောင့် ထောက်ခံတဲ့ ဘက်က များပြီး အတည် ဖြစ်နိုင်တယ် လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ပြီးခဲတဲ့ ရက်ပိုင်းကလည်း သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူ ကို တရားစွဲ ဆိုမှုကနေ ကင်းလွတ် စေမယ့် ဥပဒေကြမ်း တစ်ခုကို လွှတ်တော်မှာ တင်ခဲ့ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ