ခိုတောင်ကျွန်း စီရင်ချက် အပေါ် ကန့်ကွက်ခဲ့ကြ

  • 25 ဒီဇင်ဘာ 2015
Image caption ရွှေတိဂုံ ဘုရားမှာ လည်း ဝတ်ပြုဆုတောင်းပွဲတွေလုပ်ခဲ့

ဒီဇင်ဘာ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန် နိုင်ငံသား နှစ်ဦး အသတ် ခံရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်းနိုင်ငံ ကော့စမွီ ခရိုင် တရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့ အပေါ် မကျေနပ်တဲ့ မြန်မာပြည်သား တွေဟာ မြိ့ကြီးတွေမှာ ဆန္ဒပြတောင်းဆိုခဲ့ ပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းနိုင်ငံ သံရုံးရှေ့မှာ နေ့လည် ပိုင်းက လူ ရာချီစုဝေးပြီး ထိုင်းနိုင်ငံ ရဲ့ တရား စီရင်ရေးကို ပြန်လည် ဆန်းစစ်ဖို့၊ သေဒဏ် ချခံရတဲ့ မြန်မာလူငယ် ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ၂ဦးကို လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ ကြပါတယ်။

အစပိုင်း ၁၂ နာရီလောက်မှာ လူ ရာဂဏန်းဘဲရှိပေမယ့် နောက်ပိုင်း ညနေ စောင်းမှာတော့ လူ ထောင် ဂဏန်းထိကို ရှိလာခဲ့ပြီး ဒီဆန္ဒပြပွဲမှာ နိုင်ငံရေး တက်ကြွသူတွေ၊ အမျိုးသား ရေးလုပ်သူတွေပါသလို ရခိုင် တိုင်းရင်းသား တွေ အများစု ဖြစ်တာကို တွေ့ရပါတယ်။

ရခိုင် တိုင်းရင်းသား တွေကတော့ ဆန္ဒပြပွဲကို အေးအေး ချမ်းချမ်း ဖြစ်ဖို့ အကြမ်း မဖက်ဖို့ ပူးပေါင်း ပါဝင်သူ အားလုံးကို မေတ္တာရပ်ခံတာတွေလုပ်ခဲ့ တယ်လို့ လည်း ရခိုင် အမျိုးသား ကွန်ယက် အဖွဲ့ဝင် မငယ်ငယ် က ဘီဘီစီကို ပြောပါတယ်။

ထိုင်း သံရုံး ထဲကို ဝင်ခွင့် ရသူ တွေကတော့ ထိုင်း အစိုးရကို မေတ္တာရပ်ခံတောင်းဆို တဲ့ စာတွေ ပေးခဲ့သလို ထိုင်း သံရုံး တာဝန်ရှိသူ တွေက သူအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့် မရှိတာကြောင့် ထိုင်း အစိုးရကို ဆက်လက် တင်ပြ ပေးမယ်လို့ အကြောင်း ပြန်ခဲ့ကြောင်း သိရပါတယ်။

ညနေခင်းပိုင်းမှာတော့ ထိုင်း သံရုံးရှေ့က ဆန္ဒပြသူ အားလုံး လူစုခွဲသွားကြပြီး ရွှေတိဂုံ ဘုရားမှာ ဝတ်ပြုဆုတောင်းပွဲတွေလုပ်ခဲ့တယ်လို့ ဒီပွဲမှာ ပါခဲ့သူတွေက ပြောပါတယ်။

ရန်ကုန်က ဆန္ဒပြပွဲအပြီး ညဦးပိုင်း ၆နာရီကျော်လောက်မှာတော့ မန္တလေးက ရွှေဝါရောင် သံဃာတော်တွေ ဦးဆောင်တဲ့ လူ ၅၀ကျော် ကလည်း မန္တလေး ကျုံးကြီး အနောက်တောင် ဒေါင့်ကနေ ဖယောင်းတိုင်တွေ ထွန်းညှိပြီး ကျုံး အရှေ့တောင် ဘက်ထိ လမ်းလျှောက် ချီတက်ခဲ့ ကြပါတယ်။

မန္တလေး ရတနာပုံဈေး နားမှာလည်း အမျိုးသမီး တချို့က ဆိုင်းဘုတ် တွေထောင်ပြီး ထိုင်းမှာသေဒဏ် အပြစ်ပေး ခံထားရတဲ့ မြန်မာလူငယ် ၂ယောက်က လွတ်ပေးဖို့ ညဦးပိုင်းမှာ တောင်းဆို ဆန္ဒပြခဲ့ ပါသေးတယ်။

ရန်ကုန်နဲ့မန္တလေးမှာ ဆန္ဒပြပွဲလုပ်သလို ပဲခူးနဲ့ ပြည်မြို့မှာလည်း ဆန္ဒပြပွဲ ဆုတောင်း ပွဲတွေ ပေါ်ပေါက် ခဲ့ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့မှာလည်း ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့ကြီး တွေမှာ ဆန္ဒပြပွဲတွေ ဆက်လုပ်သွားမယ်လို့ ဦးဆောင် သူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ