ကျောက်ဖြူအထူးစီပွားရေးဇုန်ကို ကန့်ကွက်နေ

  • 27 ဒီဇင်ဘာ 2015
Kyauk Phyu SEZ
Image caption ဆိပ်ကမ်းနဲ့ စက်မှုဇုန်ပါဝင်

လွှတ်တော်ကနေ အတည်ပြုရေး ဆွေးနွေးဖို့ရှိနေတဲ့ ကျောက်ဖြူအထူးစီးပွားရေးနဲ့ပတ်သက်ပြီး ဒီစီမံကိန်းကို ဆိုင်းငံ့နိုင်အောင် ကြိုးပမ်းသွားမယ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပြောပါတယ်။

ဒီစီမံကိန်းဟာ လောလောဆယ်မှာ ဒေသခံတွေအတွက်ရော နိုင်ငံအတွက်ပါ အကျိုးမများနိုင်ဘူးလို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

စီမံကိန်းကြောင့် လယ်သိမ်းခံရတဲ့ ဒေသခံတချို့ လျှော်ကြေးရကြပေမယ့် သူတို့ရဲ့ ရေရှည်စားဝတ်နေရေးကို အာမခံချက် မပေးနိုင်ဘူးလို့ သူက ပြောပါတယ်။ တချို့လယ်သမားတွေကလည်း လျှော်ကြေး မယူလိုကြဘူးလို့ ဆိုပါတယ်။

စီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံလူထု အများစုနဲ့ တိုင်ပင် ဆွေးနွေးတာ မရှိသေးသလို တင်ဒါခေါ်တဲ့ ကိစ္စတွေမှာလည်း ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

အကျိုးအမြတ် အချိုးအစားမှာ နိုင်ငံခြားကုမ္ပဏီဘက်က ၈၅ ရာခိုင်နှုန်းနဲ့ ပြည်တွင်းကုမ္ပဏီဘက်က ၁၅ ရာခိုင်းနှုန်းဖြစ်နေပြီး နိုင်ငံဘက်က ပိုအကျိုးများဖို့ဆိုရင် ဒီအချိုးအစားကိုလည်း ပြင်သင့်တယ်လို့ သူက အကြံပြုပါတယ်။

ဒီစီမံကိန်းကို အခုအစိုးရလက်ထက်မှာ ယာယီဆိုင်းငံ့ထားသင့်ကြောင်း အကြံပြုချက်ကို လွှတ်တော်ထဲမှာ ကြံ့ခိုင်ရေးအမတ်အချို့အပါအ၀င် တိုင်းရင်းသားကိုယ်စားလှယ်တွေက သဘောတူကြပေမယ့် ကိုယ်စားလှယ်အများစုက လက်ခံမလားဆိုတာတော့ မဲခွဲ ဆုံးဖြတ်မှပဲ သိရမယ်လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။