ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သား ၄ သန်းကျော် အရေး စနစ်တကျ ကိုင်တွယ်သင့်

  • 27 ဒီဇင်ဘာ 2015
_myanmar_thai_murder_ ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ ဦး လူသတ်မှုနဲ့ သေဒဏ် ချမှတ် ခံလိုက်ရတဲ့ ဖြစ်ရပ် ဟာ မြန်မာ လူမှု အသိုင်းအဝိုင်း ထဲ အတော်လေး ရိုက်ခတ်နေ။

ထိုင်း နိုင်ငံမှာ မြန်မာ ရွှေ့ပြောင်း လုပ်သား စုစုပေါင်း ၄ သန်း ကျော် ရှိနိုင်တယ် လို့ ခန့်မှန်း ထားပြီး သူတို့ရဲ့ အရေး ကိစ္စတွေ ကို ဘယ်သူ အစိုးရ ဖြစ်ဖြစ် စနစ်တကျ နဲ့ အလေးပေး ဆောင်ရွက် သင့်တယ် လို့ မြန်မာ အလုပ်သမားတွေ အရေး ကူညီ ဆောင်ရွက် ပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း အဖွဲ့က ပြောပါတယ်။

နိုင်ငံရပ်ခြားရောက် ရွှေ့ပြောင်း လုပ်သားတွေ ဆီက နေ မိခင် နိုင်ငံဆီကို ငွေတွေ ပြန်ဝင် နေတာ မျိုး သာမက နည်းပညာ၊ အတွေ့ အကြုံနဲ့ ကျွမ်းကျင်မှု တွေ ပါတိုင်းပြည်ဆီ ပြန်လည် သယ်ဆောင် လာမယ့် သူတွေ ဖြစ်တာ ကြောင့် သူတို့ရဲ့ အရေး ကိစ္စ ကိုအရေးထား သင့်တာ ဖြစ်တယ် ဆိုပြီး တော့လည်း အဲဒီ အဖွဲ့ကို ဦးဆောင် နေတဲ့ ဦးထူးချစ် က ဆိုပါတယ်။

ရွှေ့ပြောင်း လုပ်သားတွေ အဓိက ကြုံတွေ့ နေရတဲ့ ပြဿနာ တွေ ထဲမှာ အလုပ်သမား အခွင့် အရေး အပြည့်အဝ မရရှိ တာနဲ့ တရားဝင် လက်မှတ် ကိုင်ဆောင် ထားသူတွေ တောင်မှ ဒေသခံ အာဏာပိုင် တွေရဲ့ ပစ်မှတ်ထား ဖမ်းဆီး တာ မျိုး ခံနေရတယ် လို့လည်း ဦးထူးချစ် က ဆိုပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေး နေ့က ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ ဦး လူသတ်မှုနဲ့ သေဒဏ် ချမှတ် ခံလိုက်ရတဲ့ ဖြစ်ရပ် ဟာ မြန်မာ လူမှု အသိုင်းအဝိုင်း ထဲ အတော်လေး ရိုက်ခတ် သွားပြီး ရန်ကုန် မန္တလေး အပါအဝင် နိုင်ငံတဝှမ်း က မြို့တချို့ မှာ ဆန္ဒပြပွဲတွေ၊ ဝတ်ပြု ဆုတောင်းပွဲ တွေ ဆက်တိုက် ဖြစ်ပေါ် လာခဲ့ ပါတယ်။

မြန်မာ အစိုးရ နဲ့ စစ်တပ် တို့ရဲ့ အကြီးအကဲ တွေ ကလည်း သက်ဆိုင်ရာ ထိုင်း အာဏာပိုင် တွေ ဆီ အသီးသီး စာပို့ခဲ့ကြပြီး ဒီ အမှု ကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည် စိစစ်ပေးဖို့ တောင်းဆို ထားကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ