ချောစန္ဒီထွန်းကို ထောင်ဒဏ် ၆ လချ

  • 28 ဒီဇင်ဘာ 2015
chaw_sandi
Image caption အီလက်ထရောနစ်မှုနဲ့ စွဲဆိုခံရတဲ့ မချောစန္ဒီထွန်း

မြန်မာ စစ်ယူနီဖောင်း အရောင် ကို ဒေါ်အောင်ဆန်း စုကြည်ရဲ့ လုံချည် အရောင် နဲ့ နှိုင်းယှဉ်ပြီး facebook ပေါ်မှာ သရော်ခဲ့တဲ့ ချောစန္ဒီထွန်း ကို အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့မအူပင် တရားရုံး က ထောင်ဒဏ် ၆လ အပြစ်ပေး လိုက်ပါတယ်။

အသရေဖျက်မှုနဲ့ သူ့အပေါ် စွဲဆိုထားတဲ့ နောက်ထပ် စွပ်စွဲချက် ကိုတော့ ဒီဇင်ဘာ ၁၄ ရက်က တရားရှင် လွှတ်ပေးခဲ့ ပါတယ်။

မချောစန္ဒီထွန်း က facebook post ကို သူတင်ခဲ့တာ မဟုတ်ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပြီး အားလုံးကို ဥပဒေ အောက်မှာ တန်းတူ ရှိစေချင်တယ် လို့ ဆိုပါတယ်။

NLD ပါတီဝင်မို့ ဖိနှိပ်တာမျိုးတွေ မဖြစ်စေချင်ဘူး လို့လည်း သူက ပြောပါတယ်။

လူ့အခွင့်အရေးကို ထိခိုက်မှု ရှိ

ဒီ facebook post ကို ချောစန္ဒီထွန်း တင်တယ်ဆိုတဲ့ အထောက်အထား ခိုင်လုံမှု မရှိဘဲ အမိန့်ချ လိုက်တာ ဖြစ်ပြီး လူ့အခွင့်အရေးကို ထိခိုက်မှု ရှိတယ်လို့ အမှုလိုက်ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောပါတယ် ။

လူတယောက် ဟာ သူ့ပို့စ် တင်လိုက်လို့ လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်ရေး ကို ထိခိုက်စေတယ် ဆိုရင် သူ့မှာ အပြစ် ရှိပေမယ့် ခု သူတင်တယ် ဆိုတဲ့ အထောက်အထား ကံသေကံမ မစွပ်စွဲနိုင်ဘဲ တရားသူကြီးက သူပဲ လုပ်တယ် ဆိုပြီး အမိန့်ချတာဟာ လူ့အခွင့်အရေးကို ထိခိုက်လို့ ပြဿနာ ရှိတယ် လို့ ဦးရောဘတ် စန်းအောင်က ဆိုပါတယ် ။

လွတ်လပ်စွာ တရားစီရင်မှုကို ထောက်ပြပြောဆိုနေတဲ့ ပင်န်မြန်မာ အဖွဲ့က ဦးမျိုးမြင့်ညိမ်း က အခု အမိန့်ချမှတ်မှု ဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခြင်းကို ပိတ်ပင်ခံရတာ ဟန့်တားခံရတာလို့ ပြောပါတယ်။

facebook ပေါ်မှာ တင်တဲ့ ပို့စ်တွေနဲ့ ပတ်သက် လို့ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ အထဲမှာ ချောစန္ဒီထွန်း အမှုဟာ ပထမဆုံး ဖြစ်ပြီး အခု အမိန့်ချ တာက နမူနာ ပြလိုက်တာလို့ ဦးရောဘတ် စန်းအောင်က ဆိုပါတယ်။

အောက်တိုဘာ ၁၂ ရက် ကတည်းက ထိန်းသိမ်း ခံရတဲ့ မချောစန္ဒီထွန်း ဟာ ပြစ်ဒဏ် ခြောက်လ မှာ ချုပ်ရက်တွေ လျှော့သည့်တိုင် ထောင်ထဲမှာ နောက်ထပ် လေးလ ထပ်နေရမှာ ဖြစ်ပြီး ထုတ်လိုက် တဲ့ အမိန့်စာကို အခြေခံကာ အယူခံဝင်ဖို့ စဉ်းစားသွားမယ် လို့ အမှုလိုက် ရှေ့နေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ