SNLD နဲ့ တရုတ်သံအမတ်ကြီး လာဆွေးနွေး

  • 29 ဒီဇင်ဘာ 2015
Chinese ambassador meets SNLD ဓာတ်ပုံ မူပိုင် SNLD
Image caption ၂၅ နှစ်အတွင်း တရုတ် သံအမတ်တစ်ဦး က ပထမဆုံးလာရောက်တွေ့ဆုံတာဖြစ်

ဒီဇင်ဘာလ ၂၈ ရက်နေ့က မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဟောင်းလျန်ဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဉီးနဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို လာရောက် တွေ့ဆုံ ခဲ့ပါတယ်။

ဒါဟာ နှစ်ပေါင်း ၂၅ နှစ်အတွင်း တရုတ်သံအမတ် တစ်ယောက်က သူတို့ပါတီကို လာရောက် တွေ့ဆုံတာ ဖြစ်တယ်လို့ SNLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် စိုင်းကျော်ညွန့်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ SNLDက ရှမ်းပြည်နယ် နေရာတွေမှာ အများစု အနိုင်ရခဲ့ပြီး ရှမ်းလူထုရဲ့ ထောက်ခံမှု ရှိတယ်ဆိုတာ တွေ့ရလို့ သူ့အနေနဲ့ လာတွေ့တာ ဖြစ်ကြောင်း သံအမတ်ကြီးက ပြောပြီး၊ ရှမ်းပြည်နယ်ဟာ တရုတ်နဲ့ မြန်မာ နိုင်ငံချင်း ဆက်ဆံရေးမှာ ပေါင်းကူးတံတားသဖွယ် ဖြစ်လာဖို့ မျှော်လင့်ကြောင်း၊ နောင်အခါ ရှမ်းပြည်နယ် အစိုးရဆိုတာ ရှိလာရင်လည်း ပြည်နယ် ဖွံ့ဖြိုးရေး အတွက် တရုတ်က အကူအညီ ပေးလို ကြောင်း ပြောခဲ့တယ်လို့ စိုင်းကျော်ညွန့်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။

မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့တွေ ဝယ်ယူဖို့ သွယ်တန်း ဖောက်လုပ် ထားတဲ့ ပိုက်လိုင်းဟာလည်း ရှမ်းပြည်နယ်ကို ဖြတ်သန်း သွားတဲ့ အတွက် ပိုက်လိုင်း လုံခြုံမှု ရှိဖို့အရေး တရုတ်ဘက်က စိုးရိမ်မှုတွ အကြောင်းလည်း ပြောသွား ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း တရုတ်ဘက်က စိတ်ဝင်စားကြောင်း သံအမတ်က ပြောပြီး သူ့အနေနဲ့ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု အစိုးရဖြစ်ရေး၊ အပစ်အခတ် ရပ်စဲရေးမှာ တိုင်းရင်းသား အားလုံး ပါဝင်ရေးဆိုတဲ့ အချက်နှစ်ချက်ကို တရုတ်ဘက်က အပြည့်အဝ ထောက်ခံကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

တရုတ်အနေနဲ့ မြန်မာလူငယ်တွေကို ပညာသင် အဖြစ် ခေါ်ယူလိုတဲ့ ဆန္ဒရှိကြောင်းလည်း သံအမတ်ကြီး ဟောင်းလျန်က ပြောသွားတယ်လို့ စိုင်းကျော်ညွန့်က ဘီဘီစီကို ပြန်ပြောပြပါတယ်။