TNLA နဲ့ ရှမ်းတပ်တွေ တိုက်ပွဲတွေ ဆက်ဖြစ်

  • 29 ဒီဇင်ဘာ 2015
TNLA ဓာတ်ပုံ မူပိုင် AP
Image caption TNLA တပ်ဖွဲ့များကို စစ်ရေးပြ အခမ်းအနားတွင် တွေ့ရစဉ်

TNLA တအာင်းတပ်မတော်နဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့ ဒီဇင်ဘာ ၂၉ မနက်ပိုင်းက ကျောက်မဲမြို့နယ်ထဲမှာ တိုက်ပွဲ ၂ကြိမ် ဖြစ်ခဲ့ပါတယ်။

ကျောက်မဲမြို့နယ်၊ ပန်ဇုံရွာနဲ့ ကျောက်ဖြူရွာ ကြားမှာ တစ်နာရီကျော်ကြာ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပြီး တီအန်အယ်လ်အေ ဘက်က တစ်ယောက် ကျဆုံး ခဲ့တယ်လို့ သိရပါတယ်။

တစ်ဖက်နဲ့ တစ်ဖက်ကတော့ သူက ထိုးစစ်ဆင်လို့ ငါက နယ်လုလို့ စသဖြင့် ပြောဆို နေကြပါတယ်။

တီအန်အယ်လ်အေက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး မိုင်အိုက်ကျော်က RCSS တပ်တွေဟာ တပ်မတော်နဲ့ ပူးပေါင်းပြီး သူတို့တပ်တွေကို လိုက်တိုက်နေတယ်လို့ ဆိုပါတယ်။

တီအန်အယ်လ်အေ ဘက်ကတော့ တတ်နိုင်သမျှ ရှောင်တိမ်းပြီး မရှောင်နိုင်မှသာ ပြန်တိုက်တယ်လို့ ဆိုပါတယ်။

အာစီအက်စ်အက်စ်ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းလကတော့ ဒါကို ငြင်းပါတယ်။ တီအန်အယ်လ်အေက သူတို့နေရာတွေကို လာပြီး တိုက်နေလို့သာ စစ်ဖြစ်ရတာလို့ ဆိုပြန်ပါတယ်။

တပ်မတော်နဲ့ ပူးပေါင်းတိုက်တာ မဟုတ်လို့ငြင်း

Image caption RCSS ကတော့ တိုင်းရင်းသား လက်နက်ကိုင် တွေကို မဟာမိတ်လို့ သဘောထားပါတယ်လို့ ဆို

အာစီအက်စ်အက်စ် အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ရန်သူလို့ သဘောမထားကြောင်း၊ တပ်မတော်နဲ့ ပူးပေါင်းပြီး တခြားအဖွဲ့တွေကို တိုက်နေတယ် ဆိုတာကလည်း ထင်ကြေးနဲ့ ပြောဆိုမှုသာ ဖြစ်ကြောင်း ပြောပါတယ်။

အာစီအက်စ်အက်စ်ဟာ နိုဝင်ဘာလက အစိုးရနဲ့ အပတ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတဲ့နောက် တီအန်အယ်လ်အေနဲ့ တိုက်ပွဲအကြိမ်ရေ ၂၀ ထက်မနည်းဖြစ်ခဲ့တယ်လို့သိရပါတယ်။

တီအန်အယ်လ်အေကတော့ အပစ်ရပ်ရေး လက်မှတ်မထိုးရသေးသလို နောင်လာမယ့် ဆွေးနွေးပွဲတွေမှာ လက်မှတ်ထိုးဖြစ်မယ် မထိုးဖြစ်ဘူးဆိုတာ အတတ် မပြောနိုင်သေးပါဘူး။

တီအန်အယ်အေနဲ့ အာစီအက်စ်အက်စ်အပါအဝင် အစိုးရစစ်တပ်တွေ တိုက်ပွဲဖြစ်ရင် ဒေသခံတွေဟာ မိုးကုတ်၊ ကျောက်မဲ စတဲ့ မြို့ပေါ်တွေအထိ စစ်ရှောင်ဒုက္ခသည်အဖြစ် တိမ်းရှောင်နေကြရပါတယ်။