နိုင်ငံရေး အကျဉ်းသား အရေအတွက် တိုးလာနေဆဲ

  • 31 ဒီဇင်ဘာ 2015
bakatha
Image caption ကျောင်းသား ခေါင်းဆောင်ဟောင်း ၂ယောက် ကို ထောင်ချ

၂၀၁၅ ခုနှစ်ရဲ့ နောက်ဆုံးနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ မြန်မာ နိုင်ငံမှာ စီရင်ချက်ချ ပြီးသား နိုင်ငံရေး အကျဉ်းသား ၁၂၉ ယောက် ရှိသလို နိုင်ငံရေး ကိစ္စတွေ ကြောင့် အမှုရင်ဆိုင်နေရသူ ၄ဝဝ ကျော် ရှိနေပါတယ်။

ဒီဇင်ဘာ ၃၁ နေ့ မှာပဲ ရန်ကုန်မှာ ပုဒ်မ ၁၈ နဲ့ တက်ကြွ လှုပ်ရှားသူ ၂ ယောက် ကို ထောင်ဒဏ်ချ လိုက် သလို မြင်းခြံ မှာလည်း ကျောင်းသား ခေါင်းဆောင် ဟောင်း ၂ယောက် ကို ထောင်ဒဏ် ချလိုက် ပြန်ပါပြီ။

အမျိုးသား ပညာရေး ဥပဒေ ကို ကန့်ကွက် ဆန္ဒပြ လို့ မြင်းခြံထောင်မှာ ဖမ်းခံ ထားရတဲ့ အထက် ဗမာပြည် ဗကသ ဥက္ကဋ္ဌ ဟောင်း ကိုသန့်ဇင်ကို ငြိမ်းစုစီ ပုဒ်မ ပုဒ်မ ၁၈ (၂) မှုနဲ့ ထောင်ဒဏ် ၂လ၊ မြင်းခြံ ခရိုင် ဗကသ အဖွဲ့ဝင် ကိုဉာဏ်မြင့်သန်း ကို ထောင်ဒဏ် ၁လ ချမှတ် လိုက်ပါတယ်။

သူတို့ ၂ယောက် ဟာ ချုပ်ရက် ခံစားခွင့် အရ လွတ်ရမှာ ဖြစ်ပေမယ့် တခြားစွဲဆိုထားတဲ့ ပုဒ်မတွေ ရှိနေသေးလို့ မလွတ်မြောက်ဘဲ မြင်းခြံ ထောင်မှာ တခြား ဖမ်းခံ ထားရသူ ၆ ဦးနဲ့ အတူ ဆက်ပြီး ထောင်ထဲ နေရဦးမှာ ဖြစ်ပါတယ်။

တနေ့တည်း စီရင်ချက် ချခံရသူတွေ ကတော့ ဒီမိုကရေစီရေး စဉ်ဆက် မပြတ် လှုပ်ရှားသူများ အဖွဲ့ MDCF တောင်ဒဂုံ က ကိုဆန်းအောင်ဝင်းနဲ့ ကိုကျော်ဇင်လတ် တို့ပါ။

သူတို့ကတော့ ဧပြီ ၂၉ရက်က ရွေးကောက်ပွဲ မှာ စစ်ဗိုလ်ချုပ်ဟောင်းတွေကို မဲမပေးဖို့ နဲ့ နိုင်ငံရေး အကျဉ်းသား တွေ လွတ်မြောက်ရေး အတွက် မြို့တော်ခန်းမ ရှေ့မှာ ဆန္ဒပြခဲ့ လို့ ကျောက်တံတား တရားရုံးက ထောင်ဒဏ် ၃လ စီ ချလိုက် တာပါ။

ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်မှာ နိုင်ငံရေး အကျဉ်းသား အားလုံး နီးပါးကို ပြန်လွှတ် ပေးခဲ့လို့ ချီးကျူး ပြောဆိုမှု တွေ ရှိခဲ့ပေမယ့် ဒီနှစ် အတွင်း နိုင်ငံရေး အကျဉ်းသား အရေအတွက် သိသိသာသာ တိုးလာတဲ့ အတွက် မဖြစ်သင့် ကြောင်း လက်ရှိ အစိုးရ အပါအဝင် NLD ပါတီနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ AAPP က တင်ပြ တောင်းဆိုထားတယ် လို့ AAPP ရဲ့ မြန်မာပြည် ဆိုင်ရာ တာဝန်ခံ ကိုအောင်မျိုးကျော် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ