ဘီဘီစီ ဦးဖေသန်း ကွယ်လွန်

  • 1 ဇန်နဝါရီ 2016
u_pe_than
Image caption မေးပါများ စကားရ တင်ဆက်သူ ဦးဖေသန်း

ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၀၀၀၅ နာရီ မှာ ဘီဘီစီရဲ့ ဝါရင့် အသံလွှင့် ကြေညာ သူ ဦးလေးကြီး ဦးဖေသန်း ဟာ အသက် ၈၁ အရွယ် မှာ လန်ဒန် မြို့မှာ ကွယ်လွန် သွား ခဲ့ပါတယ်။

ဦးဖေသန်း ဟာ ဘီဘီစီမှာ နှစ် အစိတ် ခန့် တာဝန် ထမ်းဆောင် သွားခဲ့ပြီး မေးပါများ စကားရ ၊ ရှေးသရော အခါ ၊ ဒဿန ပန်းခင်း စတဲ့ ပရိသတ် နှစ်ခြိုက်တဲ့ အစီအစဉ် တွေကို ထုတ်လွှင့် တင်ဆက် ပေးခဲ့သူ ဖြစ်ပါတယ်။

ဦးဖေသန်း ကိုယ်တိုင် ကလည်း စာပေ ဝါသနာ ပါသူမို့ ဒီလို စူးစမ်း ရှာဖွေပြီး ပရိသတ် သိလိုသမျှ တင်ဆက် ရတာကို နှစ်ခြိုက်သူ ဖြစ်ပါတယ်။

Image caption ဦးဖေသန်းနဲ့ ဘီဘီစီ ဝိုင်းတော်သူ ဝိုင်းတော်သားတွေ

ဒါကြောင့် ဦးဖေသန်းနဲ့ မေးပါများ စကားရ အစီအစဉ်ဟာ ပရိသတ်တွေ ကြားမှာ ခုချိန်ထိ ပြန်ထုတ်လွှင့် ပေးဖို့ တောင်းဆို ခံနေရဆဲ ဖြစ်ပါတယ်။

ဦးဖေသန်းဟာ ၁၉၈၁ က ဘီဘီစီမှာ ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး ၁၉၉၅ မှာ အငြိမ်းစား ယူခဲ့ ပေမယ့် မေးပါများ စကားရ အစီအစဉ် ကို နောက်ထပ် ၁ဝ နှစ်ကြာ ဆက်ပြီး တင်ဆက် ပေးခဲ့ပါတယ်။

ဦးလေးကြီး ဦးဖေသန်းက သောတရှင်တွေ၊ ပရိသတ်တွေ မေးလာကြတဲ့ အမေးတွေကို ရေလည်စွာ ဖြေကြားပေးနိုင်ဖို့အတွက် သူကိုယ်တိုင်က ဗဟုသုတနဲ့ ပြည့်စုံနေအောင် အပတ်တကုတ်ကြိုးပမ်း အားထုတ် ခဲ့ရပါတယ်လို့ ပြောပြခဲ့ ဖူးပါတယ်။

ဘီဘီစီ မြန်မာပိုင်းအစီအစဉ်ရဲ့ ဌာနမှူး ဒေါ်တင်ထားဆွေကလည်း သူ ဘီဘီစီကို စတင်ရောက်ရှိချိန်မှာ ဦးဖေသန်းဟာ သူ့ကို အသံလွှင့်ပညာ စတင်သင်ပေးခဲ့သူ လက်ဦးဆရာဖြစ်ကြောင်း အမှတ်တရ ကျေးဇူးစကား ဆိုပါတယ်။

သောတရှင်တွေအထဲမှာ အသံလွှင့်သူတွေထက် တတ်သိနားလည်သူတွေ အများကြီးရှိနေတယ်ဆိုတာ အမြဲမပြတ်သတိထားဖို့ ပြောခဲ့တဲ့ သြဝါဒ စကားတစ်ခွန်းကလည်း ဘဝလမ်းညွှန်ဖြစ်ခဲ့တယ်လို့ ဒေါ်တင်ထားဆွေက ပြောပါတယ်။

ဦးလေးကြီး ဦးဖေသန်း ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်မြင့်မြင့်နဲ့ သမီးသုံးဦး ကျန်ရစ်ခဲ့ပါတယ်။

ဈာပန အခမ်းအနား ကျင်းပမယ့် ရက်ကို ထပ်မံ အသိပေး သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ