ဖားကန့်မှာ ကျောက်စိမ်း အလွန်အကျွံထုတ်နေတဲ့ ကိစ္စ ဗဟိုအစိုးရ ကိုင်တွယ်နေ

_pharkant_
Image caption ဖားကန့် မှာ လူတွေ ရာကျော် သေဆုံးခဲ့ရတဲ့ အကြိမ် အပါအဝင် မြေစာပုံ ပြိုကျမှု တွေ မကြာခဏ ဖြစ်ပေါ် နေ။

ဖားကန့်ဒေသ ထဲက ကျောက်စိမ်း တူးဖော်မှု အခြေအနေ တွေ အပါအဝင် ကျောက်စိမ်း မိုင်းတွင်းသုံး စက် ယန္တရားကြီးတွေ မြန်မာ နိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့မှု နဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီး ၃ ဦး အပါအဝင် ညွှန်ကြားရေးမှူး အဆင့် ထိပ်တန်း အရာရှိတွေကို ပြည်ထောင်စု အစိုးရ အဖွဲ့က မေးမြန်းတာ တွေ ပြုလုပ် နေပါတယ်။

မြောက်ပိုင်းတိုင်း စစ်ဌာချုပ် မှာ မေးမြန်းမှုတွေ ကို ဖြေဆိုခဲ့တဲ့ စီမံ၊ စီးပွား ဝန်ကြီး ဒေါက်တာ ခင်မောင်ထွန်းကို ဘီဘီစီ က ဆက်သွယ် မေးကြည့်တဲ့ အခါမှာတော့ စက်ယန္တယား တွေ ဝင်ရောက်မှု နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အကောက်ခွန် ဌာန က ပေးပို့ တဲ့ စာရင်း ကလွဲပြီး တခြား ဝင်ရောက်မှု တွေကို မသိရှိကြောင်း တုံ့ပြန် ဖြေကြား ခဲ့တယ်လို့ ပြောပါတယ်။

အခုလို မေးမြန်းမှု တွေ ကို ဒီဇင်ဘာ ၂၀ ၇က် အကျော် ကစလို့ စတင် ခဲ့တာ ဖြစ်ပြီး စစ်ဆေး မေးမြန်း သူတွေ ထဲမှာ အထူး စုံစမ်း စစ်ဆေးရေး စသုံးလုံး အဖွဲ့ဝင် တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဖားကန့် ဒေသမှာ အလွန် အကျွံ ကျောက်စိမ်းတူးလို့ တော တောင် ချောင်းမြောင်း တွေ ပျောက်ကွယ်ကာ ရေကြီး တာမျိုး၊ အပူချိန် မြင့်လာတာ မျိုးလို နောက်ဆက် တွဲ သဘာဝ အန္တရာယ်တွေ ကျရောက်ကာ ဒေသခံ ရွာတွေ ပြောင်းရွေ့ ဖယ်ရှား ပေးရတာ တွေ ဖြစ်ပေါ် လာတဲ့ အတွက် အခုလို စစ်ဆေး လာရတာ ဖြစ်တယ် ဆိုတဲ့ စာတစ်စောင် ကို လည်း ဝန်ကြီး ဒေါက်တာ ခင်မောင်ထွန်း က ဖတ်ပြ ခဲ့ပါတယ်။

ဖားကန့် မှာ လူတွေ ရာကျော် သေဆုံး ခဲ့ရတဲ့ အကြိမ် အပါအဝင် မြေစာပုံ ပြိုကျမှု တွေ မကြာခဏ ဖြစ်ပေါ် နေပြီး၊ တခါ စက်ယန္တယားကြီး တွေ ပမာဏ အမြောက်အများ ဝင်လာနေတဲ့ ဖြစ်ရပ် တွေက လူထုကို ခြောက်ခြားသွား စေတဲ့ အတွက် အခုလို ဗဟို အစိုးရ အဆင့်ကနေ တိုက်ရိုက် ကိုင်တွယ် လာတာ ဖြစ်ပါတယ်။

ဖားကန့် ကျောက်စိမ်းတွင်း ဒေသကိုလည်း ကွင်းဆင်း စစ်ဆေးဖို့ ဗဟို အစိုးရ ကိုယ်စားလှယ် တွေ သွားရောက် နေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ