မြောက်ကိုးရီးယားနဲ့ သတင်းဆက်ဆံရေး ပြန်စတော့မလား

  • 3 ဇန်နဝါရီ 2016
North Korea, Myanmar ဓာတ်ပုံ မူပိုင် Myint Kyaw
Image caption သတင်းမီဒီယာကောင်စီအဖွဲ့ဝင်တွေနဲ့ သံအမတ်ကြီး တွေ့ဆုံ

မြောက်ကိုးရီးယားနဲ့ မြန်မာနိုင်ငံကြား သံတမန်ရေး ပြန်စခဲ့ရုံမက အခုဆိုရင် သတင်းဆက်ဆံရေးပါ ပြန်စဖို့ အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဘက်က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုးရီးယားသံအမတ်ကြီး ကင်မ် ဆုတ်ခ် ချိုးလ်နဲ့ သံတမန်တွေဟာ ဇန်နဝါရီ ၂ရက်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံစဉ် အဲဒီလို ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် ၃၀ ကျော်က မြောက်ကိုးရီးယားနဲ့ မြန်မာနိုင်ငံကြား သတင်းမီဒီယာ ကဏ္ဍ ဆက်ဆံမှုတွေ ရှိခဲ့သလို အခုလည်း အဲဒီလို ပြန်စနိုင်ဖို့ အစီအစဉ်ရှိတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောက ပြောပါတယ်။

မြောက်ကိုးရီးယားကို သတင်းသမားတွေ သွားရောက်နိုင်တဲ့ အခွင့်အရေး နည်းတာကြောင့် မြောက်ကိုးရီးယားကို သတင်းသမားတွေကို ဖိတ်ခေါ်မယ်ဆိုရင် သွားရောက်နိုင်ဖွယ် ရှိကြောင်းလည်း သူက ပြောပါတယ်။ ဒါပေမယ့် မြောက်ကိုးရီးယား အခြေအနေအရ အစိုးရကထုတ်ပြန်တဲ့ သတင်းလောက်ကိုပဲ သိရနိုင်တယ်လို့ ဆိုပါတယ်။

သံအမတ်ကြီး မစ္စတာ ကင်မ်ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကပဲ အမေရိကန်နိုင်ငံကနေ ပိတ်ဆို့အရေးယူခံထားရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ မြောက်ကိုးရီးယားရဲ့ လက်နက်တင်ပို့မှုကိစ္စမှာ ပါဝင်ပတ်သက်သူအဖြစ် ပိတ်ဆို့အရေးယူခံထားရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရပြီးနောက် တက်လာမယ့် NLD အစိုးရနဲ့လည်း ဆက်ဆံရေး အဆင်ပြေအောင် ဆောင်ရွက်သွားမယ်လို့ မြောက်ကိုးရီးယားသံအမတ်ကြီးက ပြောကြောင်းလည်း ဦးသီဟစောက ပြန်ပြောပြပါတယ်။