ကားသွင်းခွင့် မူဝါဒသစ် ထုတ်ပြန်မယ်။

  • 5 ဇန်နဝါရီ 2016
Image caption လက်ဝဲမောင်းကား တမျိုးတည်း တင်သွင်းခွင့် မူဝါဒကို ပြန်ပယ်ဖျက်

မြန်မာနိုင်ငံမှာ ကားတင်သွင်းခွင့် ဆိုင်ရာ မူဝါဒသစ် ထပ်ထုတ်ပြန်ဖို့ ရှိပါတယ်။

နေပြည်တော်မှာ ဇန္နဝါရီလ ၅ရက်နေ့က ကျင်းပခဲ့တဲ့ မော်တော်ယာဉ် ထုတ်လုပ် ရောင်းချသူတွေနဲ့ အစိုးရ ဝန်ကြီးဌာန တာဝန်ရှိသူတွေ တွေ့ဆုံပွဲ အပြီးမှာ ကားတင်သွင်းခွင့်နဲ့ ပတ်သက်တဲ့ မူဝါဒသစ် ထပ်ထုတ်ပြန်ဖို့ အခုလို သဘောတူလိုက်ကြတာပါ။

ပြီးခဲတဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ မူဝါဒအစား အသစ် ထုတ်ပြန်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

တွေ့ဆုံပွဲအပြီး ရရှိခဲ့တဲ့ ဒီသဘောတူချက်ဟာ ပြည်တွင်းမှာ ကားဝယ်မယ့်သူတွေအတွက် သတင်းကောင်း ဖြစ်ပါတယ်။

အရင်က မသွင်းရဘူးလို့ သတ်မှတ်ထားတဲ့ မော်ဒယ်တွေကိုပါ ပြန်လည် တင်သွင်းခွင့် ပြုမှာ ဖြစ်ပြီး ၂၀ဝ၃ခုနှစ်၊ ၂၀ဝ၄ခုနှစ်၊ ၂၀ဝ၅ခုနှစ် မော်ဒယ်တွေ တင်သွင်းခွင့် ရမယ့် သဘောပါ။

အရင်က သတ်မှတ်ထားတဲ့ လက်ဝဲမောင်း တမျိုးတည်း တင်သွင်းရမယ် ဆိုတဲ့ မူဝါဒကိုလည်း ပြန်လည် ပယ်ဖျက်ပေးလိုက်ပါတယ်။

လူနာတင်ယာဉ်၊ မီးသတ်ကား၊ နိဗ္ဗာန်ယာဉ်၊ သာသနာယာဉ်တွေကိုလည်း ၂၀ဝ၀ ခုနှစ် အထက် မော်ဒယ်တွေ တင်သွင်းခွင့် ရတော့မှာပါ။

ကားတင်သွင်းသူတွေနဲ့ အစိုးရ ဝန်ကြီးဌာန တာဝန်ရှိသူတွေအကြား အခု သဘောတူခဲ့ချက်ဟာ ပြီးခဲတဲ့နှစ် ၂၀၁၅ ခုနှစ်က မူဝါဒ အတိုင်း ဖြစ်ပြီး ထရပ်ကားနဲ့ ဘတ်စ်ကားတွေကို ၂၀ဝ၆ခုနှစ် မော်ဒယ်က စပြီး လက်ဝဲမောင်း၊ လင်္ကျာမောင်း မခွဲခြားပဲ တင်သွင်းနိုင်တော့မှာ ဖြစ်ပါတယ်။

ဒီသဘောတူချက်တွေကို သမ္မတရုံးထံ တင်ပြပြီး ဒီရက်ပိုင်း အတွင်း ထုတ်ပြန်ဖို့ ရှိတယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဘီဘီစီကို ပြောပါတယ်။

အရင်မူဝါဒတွေ ချမှတ်တုန်းက ကားထုတ်လုပ် ရောင်းချသူတွေ မပါပဲ ချမှတ်ခဲ့တာ ဖြစ်ပြီး အခုထုတ်ပြန်မယ့် မူဝါဒကတော့ အားလုံး ပါဝင် ညှိနှိုင်းပြီးမှ ချမှတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ပြောင်းလဲ ထုတ်ပြန်မယ့် မူဝါဒအရ မြန်မာနိုင်ငံ ဈေးကွက်ထဲက အဝယ်များတဲ့ ဂျပန်ကားဈေးတွေ ပြန်အေးသွားဖို့ ရှိတယ်လို့ သူက ပြောပါတယ်။