မြေပြိုမှုဒဏ် ခံခဲ့ရတဲ့ ဟားခါးဒုက္ခသည်တွေ ဆန္ဒပြ

  • 6 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ချင်းပြည်နယ် ဟားခါးမြို့မှာ ရေကြီးပြီး မြေပြိုမှုတွေကြောင့် မြို့ခံတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရ

ချင်းပြည်နယ် ဟာခါးမြို့မှာ မြေပြိုပြီး ဒုက္ခရောက်နေသူ ၁၀ဝ၀ ကျော်က အစိုးရ ဆောင်ရွက်ပေးနေတဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအပေါ် မကျေနပ်တဲ့အတွက် ဇန္နဝါရီလ ၅ရက်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

အစိုးရ ဆောက်ပေးနေတဲ့ အိမ်နေရာဟာ ဟင်းရွက်စိုက်စားဖို့၊ ဝက်မွေးဖို့ နေရာတွေ မပါသလို လမ်းတွေဖေါက်ပေးတာလည်း သွားလာရ အဆင်မပြေဘူး ဆိုပြီး ဒေသခံတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။

ရေမရှိ၊ မီးမရှိသလို ရေမြောင်း ထုတ်ပေးတာလည်း မရှိတဲ့အတွက် အခုကတည်းကိုက တစ်ပေလောက် ဗွက်ထနေပြီလို့ ဉီးဆောင် ဆန္ဒပြခဲ့သူ ဆလိုင်း ထပ်တင်းထန် က ဘီဘီစီကို ပြောပြပါတယ်။

ပေ ၃၀ - ၁၈ ပေ ပတ်လည်နဲ့ အိမ်ခြေ တရာကျော်လောက် ချထားပေးပြီး ဖြစ်ပေမယ့် အဲဒီ အကျယ်အဝန်းဟာ တောင်ပေါ် ဒေသခံတွေအတွက် ကျဉ်းလွန်းသလို ဒုက္ခသည်တွေကို ဉီးစားမပေးပဲ မြေတွေ ချန်ထားတာတွေ ရှိနေတဲ့အတွက် မကျေနပ်ကြဘူးလို့ ဆိုပါတယ်။

ချင်းပြည်နယ် ပြန်လည် ထူထောင်ရေးအတွက် အစိုးရက ၄၄သိန်းလောက် ထောက်ပံ့မယ်လို့ ပြောထားပေမယ့် လက်တွေ့မှာ ဘာမှ အကောင်အထည်ဖေါ် ဆောင်ရွက်တာမျိုး မရှိဘူးလို့ သူက ပြောပါတယ်။

ဇန္နဝါရီလ ၆ရက်နေ့မှာလည်း ဆက် ဆန္ဒပြသွားမယ်လို့ သိရပါတယ်။