ငြိမ်းချမ်းရေး ညီလာခံ ၅ ရက် ကျင်းပမယ်

  • 5 ဇန်နဝါရီ 2016
UPDJC Meeting ဓာတ်ပုံ မူပိုင် MPC Photo
Image caption ငြိမ်းချမ်းရေး ညီလာခံ အတွက် အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြ

လာမယ့် ၁၂ ရက်နေ့မှာ စတင်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးနဲ့ ပတ်သက်တဲ့ UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ အတွင်းရေးမှူး အဖွဲ့ရဲ့ အစည်း အဝေးကို ဇန်နဝါရီလ ၅ ရက်နေ့က စတင် ကျင်းပခဲ့ပါတယ်။

ဝန်ကြီး ဦးအောင်မင်းနဲ့ UPDJC ဒုတိယ ဥက္ကဌ တွေဖြစ်ကြတဲ့ ဦးသုဝေနဲ့ ဖဒိုကွယ်ထူးဝင်းတို့ အပြင် UPWC ဒုတိယ ဥက္ကဌ ဦးသိန်းဇော်တို့ ပါဝင် တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး ညီလာခံ နဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို သဘောတူညီခဲ့ကြ ပါတယ်။

အစိုးရ ဘက်က ငြိမ်းချမ်းရေး ညီလာခံကို၁၀ ရက်ကြာ ကျင်းပလိုပေမဲ့ ဆွေးနွေးပွဲမှာ ပါဝင်သူ တွေရဲ့ ဆန္ဒ အတိုင်း လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့ အထိ ၅ ရက်ကြာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ UPDJC ရဲ့ အတွင်းရေးမှုး တစ်ယောက် ဖြစ်တဲ့ ဦးလှမောင်ရွှေက ဘီဘီစီကို ပြောပါတယ်။

NCA တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရာမှာ မပါခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုလည်း ဖိတ်ကြားဖို့ သဘောတူ ခဲ့ကြပြီး ဇန်နဝါရီလ ၆ ရက်နေ့က စတင် ဖိတ်ကြားမယ်လို့ သူက ပြောပါတယ်။

အဲဒီထဲမှာ အစိုးရနဲ့ အပစ်ရပ်ဖို့ အရင်ကတည်းက တစ်ဖွဲ့ချင်း သဘောတူလက်မှတ်ထိုးခဲ့ကြပြီးမှ တစ်နိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးရာမှာ မပါခဲ့ကြတဲ့ အဖွဲ့ ၇ ဖွဲ့နဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က သမ္မတနဲ့ တွေ့ဆုံခဲ့ကြတဲ့ အဖွဲ့ ANC WNO နဲ့ LDP စတဲ့ အဖွဲ့ငယ် သုံးဖွဲ့ တို့ဖြစ်တယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

ညီလာခံမှာ တက်ရောက် ဆွေးနွေးမယ့် သူတွေကတော့ အရင်က UPDJCဆွေးနွေးမှုတွေတုန်းက ဆုံးဖြတ်ထားခဲ့တဲ့ အတိုင်း ၇၀၀ အပြင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရာမှာ မပါခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအတွက် နောက်ထပ် ၅၀ ဖိတ်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ