ဖေဖော်ဝါရီ ၁ ရက် လွှတ်တော်သစ် စမယ်

Burma Parliament ဓာတ်ပုံ မူပိုင် AFP
Image caption လွှတ်တော် သစ်မှာ သမ္မတသစ် ရွေးမယ်

မြန်မာ နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပအပြီး နှစ်လ အကြာမှာ ပါလီမန်သစ် ခေါ်ယူမယ့် ရက်ကို ကြေညာလိုက် ပါတယ်။

အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေ ပထမဆုံး တက်ရောက်ရမယ့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၁၀ နာရီမှာ တပြိုင်တည်း ကျင်းပမယ်လို့ လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက်က ဒီကနေ့ သတင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိ လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက်က သဘာပတိ အနေနဲ့ခေါ်ယူကျင်းပပေးမယ့် အဲဒီ အစည်း အဝေးတွေမှာ ကိုယ်စားလှယ် အသစ်တွေက ကတိသစ္စာ ပြုကြပြီး လွှတ်တော် ဥက္ကဋ္ဌ အသစ်တွေကိုလည်း ရွေးချယ်မှာ ဖြစ် တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ညာဏစိုးက ပြောပါတယ်။

အဲဒီနောက် လွှတ်တော် အမြဲတမ်း ကော်မတီတွေ ဖွဲ့စည်းရမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

တပြိုင်တည်းမှာပဲ ပြည်ထောင်စု လွှတ်တော် ခေါ်ယူပြီး ဒုတိယ သမ္မတ သုံးယောက်ကို ရွေးချယ်ပြီး သမ္မတ တင်မြှောက်ကြရမှာ ဖြစ်တယ်လို့ ဒေါက်တာ မြတ်ညာဏစိုးက ပြောပါတယ်။

ရွေးချယ်ခံရတဲ့ သမ္မတ အသစ်က အစိုးရအဖွဲ့ ဖွဲ့စည်း နေချိန်မှာ ကျန်တဲ့လွှတ်တော် ကိုယ်စားလှယ် တွေကတော့ အဆိုတင်တာ၊ မေးခွန်းတာနဲ့ ဥပဒေကြမ်း အသစ်တွေ တင်သွင်းတာ စတဲ့ လုပ်ဆောင်မှုတွေ ရှိလာနိုင်တယ် လိုလည်း သူကပြောပါတယ်။

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရကိုယ်စားလှယ်တွေ အနေနဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး နေပြည်တော်ကို လာရောက်ရမယ်လို့လည်း NLD က ကိုယ်စားလှယ်လောင်းတွေကို ညွှန်ကြားထား ပါတယ်။

ဒါပေမဲ့ NLD ဘက်က တင်မယ့် သမ္မတ ဘယ်သူဖြစ်မယ် ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကတော့ သမ္မတ ဖြစ်ခွင့် ပိတ်ပင်ခံထားရပါတယ်။