ရခိုင်က တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ ပိုများလာ

  • 6 ဇန်နဝါရီ 2016
Image caption ဒုက္ခသည် ၂၀၀ လောက်ဟာ မြောက်ဦး မြို့နယ် ကျီရာပြင် ရွာနဲ့ စေတီတောင် ရွာ တို့မှာ ရောက်ရှိ နေထိုင်

ရခိုင် ပြည်နယ် ကျောက်တော်မြို့နယ် ရန်းချောင်း ဒေသ အတွင်း မြန်မာ အစိုးရ စစ်တပ်နဲ့ ရခိုင် တပ်မတော် အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျှက် ရှိနေ ပါတယ်။

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ အတွက် ရန်းချောင်၊ လူချောင်း အထက်ပိုင်း ကျေးရွာ တွေက ရွာသား တွေဟာ တိုက်ပွဲတွေကို ကြောက်လန့်ပြီး စိုက်ခင်းတွေ၊ ဥယျာဉ်ခြံမြေတွေကို စွန့်ခွာကာ ဘေးလွတ်ရာကို ထွက်ပြေး နေကြရပါတယ်။

ကျောက်တော် မြို့နယ် ရန်းချောင်းဖျား သံတံတားရွာ နဲ့ ဗာရီ ရွာက စစ်ဘေးရှောင် ဒုက္ခသည် ၂၀၀ လောက်ဟာ မြောက်ဦး မြို့နယ် ကျီရာပြင် ရွာနဲ့ စေတီတောင် ရွာ တို့မှာ ရောက်ရှိ နေထိုင်လျှက် ရှိနေပါတယ်။

တခြား လူချောင်းဒေသ ဘက်က စစ်ဘေးရှောင်တွေလည်း လေးမြို့မြစ်ကမ်းဘေး စင်ဘောကိုင်းကျေးရွာ၊ မော်ရွာတို့ကို ရောက်ရှိသွားခဲ့တယ်လို့ ဒုက္ခသည် တစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေတာကြောင့် သူတို့ ဒေသမှာ မလုံခြုံမှု တွေ ဖြစ်လာ ရတဲ့ အတွက် အခုလို ထွက်ပြေး လာခဲ့တာ ဖြစ်ပြီး အခုတော့ မြစ်ကမ်း နံဘေးမှာ ဖြစ်သလို တဲထိုး နေထိုင် နေရတယ်လို့ ပြောပါတယ်။

စစ်ဘေးရှောင်ပြီး ပြေးလာတဲ့ လူတွေထဲမှာ ကလေးသူငယ် အတော် များများလည်း ပါရှိနေပြီ အစားအသောက်နဲ့ ကျန်းမာရေး အခြေအနေတွေ စိုးရိမ်နေရ တယ်လို့ စင်ဘောကိုင်း ရွာမှာ ရောက်ရှိ နေထိုင်နေတဲ့ စစ်ဘေးရှောင် လူ တစ်ယောက်က ဘီဘီစီ ကိုပြောပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့မှာတော့ စစ်ဘေးရှောင် ဒုက္ခသည် တွေကို ပြည်နယ် အစိုးရ တာဝန်ရှိသူတွေက သွားရောက် ကူညီပေးခဲ့ကြောင်း ကျောက်တော်မြို့နယ် အုပ်ချုပ် ရေးမှူးက ဘီဘီစီ ကို ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ