Drones မောင်းသူမဲ့ လေယာဉ်ငယ်တွေကို မှတ်ပုံတင်ရမယ်။

  • 7 ဇန်နဝါရီ 2016
Image caption Drones တွေကို ကစားစရာ အဖြစ် အသုံးပြုသလို ဓါတ်ပုံရိုက်ဖို့နဲ့ ဗီဒီယို ရိုက်ဖို့အတွက်လည်း အသုံးပြုကြ

Drones လို့ ခေါ်တဲ့ Remote Controlနဲ့ ထိန်းကျောင်း ပျံသန်းစေတဲ့ မောင်းသူမဲ့ လေယာဉ်ငယ်တွေကို မှတ်ပုံတင်ပြီးမှ အသုံးပြုကြဖို့ ပို့ဆောင်ရေး ဝန်ကြီးဌာနက စတင် စီစဉ်နေပြီ ဖြစ်ပါတယ်။

Drones မောင်းသူမဲ့ လေယာဉ်ငယ်တွေဟာ အကွာအဝေး အမြင့်ကို ပျံသန်းနိုင်တာကြောင့် ကစားစရာအဖြစ် အသုံးပြုနေကြသလို ဝေဟင်ကနေ ဓါတ်ပုံရိုက်ဖို့နဲ့ ဗီဒီယို ရိုက်ဖို့ အတွက်လည်း အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

အဲဒီ မောင်းသူမဲ့ လေယာဉ်တွေဟာ ကိုယ်ထည်အားဖြင့် အသေးစားလေးတွေ ဖြစ်ပြီး အကျိုးပြု လုပ်ငန်းမှာ အသုံးပြုနိုင်သလို ဘေးအန္တရာယ် ကျရောက် စေအောင်လည်း အသုံးပြုနိုင်တာကြောင့်မှတ်ပုံတင်ပြီးမှ အသုံးပြုကြဖို့ အခုလို စီစဉ်ရတာ ဖြစ်တယ်လို့ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးက ဘီဘီစီကို ပြောပါတယ်။

Drones မောင်းသူမဲ့ လေယာဉ်ငယ်တွေကို မှတ်ပုံတင်နိုင်ဖို့ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး၊ ယဉ်ကျေးမှု အစရှိတဲ့ ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေး တိုင်ပင်ရဦးမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ တည်ဆဲ ဥပဒေအရပဲ မှတ်ပုံတင်နိုင်အောင် လုပ်သွားမှာ ဖြစ်တယ်လို့ ညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးက ပြောပါတယ်။