အထပ်မြင့် အဆောက်အအုံဆိုင်ရာ အရေးကြီးအဆိုတင်

  • 7 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် epa
Image caption အထပ်မြင့် အဆောက်အအုံတွေကြောင့် ရွှေတိဂုံဘုရား မြင်ကွင်းကို ထိခိုက်နိုင်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်က ဆွေးနွေး

ရန်ကုန်မြို့အတွင်း ဥပဒေ စည်းမျဉ်း စည်းကမ်းတွေနဲ့ ညီညွတ်မှု မရှိပဲ အထပ်မြင့် အဆောက်အအုံတွေ ဆောက်နေတာကို ရပ်ဆိုင်းထားပေးဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းတဲ့ အရေးကြီး အဆိုကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

ဝန်ကြီးဌာနတွေ အနေနဲ့ အဆောက်အအုံ အသစ် ဆောက်လုပ်ချင်တဲ့အခါ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာနကို အရင် တင်ပြဖို့ လိုအပ်ပါတယ်။ အဲဒီဌာနက တဆင့် ဘတ်ဂျက် ရေးဆွဲပြီးမှ ပြည်ထောင်စု လွှတ်တော်ကို တင်ပြ ခွင့်ပြုချက် ယူရပါတယ်။

ဒါပေမယ့် ဝန်ကြီးဌာနတချို့နဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေဟာ ဥပဒေ စည်းမျဉ်း စည်းကမ်း အတိုင်း မလုပ်ပဲ ပြည်နယ်၊ တိုင်း ဝန်ကြီးချုပ် ဒါမှမဟုတ် ဌာန အကြီးအကဲတွေရဲ့ ခွင့်ပြုချက်နဲ့ အဆောက်အအုံကို ဆောက်နေကြ တယ်ဆိုပြီး အရေးကြီး အဆို တင်သွင်းတဲ့ NLD ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်က ပြောပါတယ်။

ဥပမာအနေနဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ရန်ကုန်ဆေးရုံကြီးဝင်း အတွင်း ဆောက်နေတဲ့ အဆောက်အအုံနဲ့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၇၄ မှာ ဆောက်နေတဲ့ အဆောက်အအုံတွေဟာ ဥပဒေနဲ့ မညီတဲ့ အဆောက်အအုံ တွေ ဖြစ်တယ်ဆိုပြီး အဆိုရှင် ဒေါ်မေဝင်းမြင့်က ထောက်ပြသွားပါတယ်။

ဒါ့အပြင် အထပ်မြင့် အဆောက်အအုံ မဆောက်ရ သတ်မှတ်ထားတဲ့ နေရာတွေနဲ့ ကမ္ဘာအေး ဘုရားလမ်းပေါ်မှာ ဆောက်နေတဲ့ အထပ်မြင့် အဆောက်အအုံတွေဟာ ရွှေတိဂုံဘုရား မြင်ကွင်းကို ထိခိုက်နိုင်တဲ့ အကြောင်း ဥပမာ တစ်ခု နှစ်ခု ပေးပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးကလည်း ဆွေးနွေးသွားပါတယ်။

အခုလို ဥပဒေ စည်းမျဉ်းစည်းကမ်းနဲ့ မညီတဲ့ အဆောက်အအုံတွေကို ရန်ကုန်မြို့မှာသာမက နေပြည်တော်နဲ့ တခြား မြို့ကြီးတွေမှာပါ ဆောက်နေကြတယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ် တချို့က ပြောပါတယ်။

အခုလို လွှတ်တော်မှာ အရေးကြီး အဆို တင်လိုက်တဲ့အတွက် ရန်ကုန်ဆေးရုံကြီး၀င်း အတွင်း ဆောက်နေတဲ့ အထပ်မြင့် အဆောက်အအုံကို ရပ်ဆိုင်းလိုက်ပြီလို့ ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။

ဒီအဆိုအပေါ် ထောက်ခံတဲ့သူ များပေမယ့် မဲခွဲ ဆုံးဖြတ်ခြင်း မပြုပဲ နောက်အစိုးရ လက်ထက်မှာ စောင့်ကြည့်သွားနိုင်ဖို့ ဒီအဆိုကို မှတ်တမ်းအဖြစ်ပဲ ထားရှိလိုက်ပါတယ်။

အခုလို လွှတ်တော်က စောင့်ကြည့်မှာ ဖြစ်တဲ့အတွက် ဥပဒေနဲ့ မညီတဲ့၊ ရွှေတိဂုံဘုရား မြင်ကွင်း ပျောက်ကွယ်သွားစေမယ့် အဆောက်အအုံတွေကို ထိန်းချုပ် နိုင်တော့မယ်လို့ လွှတ်တော်အမတ် တချို့က သုံးသပ်ပါတယ်။