ပစ်ခတ်စောင့်ကြည့် ကော်မတီက နယ်နမိတ်တွေ သတ်မှတ်

  • 8 ဇန်နဝါရီ 2016
Image caption RCSS နဲ့ တိုက်ပွဲ ဖြစ်ရတာက နယ်နမိတ် မသတ်မှတ်ရသေးတာကြောင့်လို့JMC ပြော (ဓါတ်ပုံ မြန်မာ ငြိမ်းချမ်းရေး စင်တာ)

ဇန်နဝါရီလ ၈ ရက်နေ့မှာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့် ရေး ကော်မတီ JMC ရဲ့ တတိယ အကြိမ်မြောက် အစည်း အဝေး ကို ရန်ကုန် မြို့မှာ ကျင်းပ ခဲ့ပါတယ်။

အစည်းအဝေးကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာ သံတမန်တွေနဲ့ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေ ပြီးတော့ စစ်တပ် ဘက်က ကိုယ်စားလှယ်တွေလည်း တက်ရောက် ခဲ့ကြပါတယ်။

အခု အစည်းအဝေးဟာ မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ လစဉ် လုပ်နေကြ Key Stakeholder Briefing ဆိုတဲ့ အဓိက ပါဝင် သက်ဆိုင်သူတွေကို ရှင်းလင်း ပြောကြားတဲ့ အစည်းအဝေးလို့လည်း ဆိုနိုင်ပါတယ်။

ငြိမ်းချမ်းရေး လက်မှတ်ထိုးထားတဲ့ အဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS / SSA နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ရတာက နယ်နမိတ် မသတ်မှတ် ရသေးလို့ ဖြစ်တယ်လို့ ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ JMC အတွင်းရေးမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင် က ပြောပါတယ်။

JMC ရဲ့ လုပ်ငန်းတွေ အကောင်အထည် ဖော်ရာမှာ သုံးနှစ်အတွင်း အမေရိကန် ဒေါ်လာ ၂၁ သန်း လိုမှာ ဖြစ်ကြောင်းကို တက်ရောက်လာတဲ့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို တွက်ချက် တင်ပြခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ချင်း အမျိုးသား တပ်ဦး CNF နဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO အဖွဲ့ တို့နဲ့ နယ်နမိတ် သတ်မှတ်မှုတွေ လုပ်နိုင်ခဲ့ပြီး တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ ရှမ်းပြည်နယ်မှာ နယ်နမိတ် သတ်မှတ်နိုင်ရေး ဆွေးနွေး နေဆဲ ဖြစ်ကြောင်း ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်မှု အစီအစဉ် ညွန်ကြားရေးမှူး ဦးမင်းဇော်ဦး က ရှင်းပြပါတယ်။

တစ်ဘက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေပြီး တိုက်ပွဲတွေ ပြန်ဖြစ်နေတာ မကောင်းဘဲ သေနတ်သံတွေ တိတ်နေတာ အကောင်းဆုံးလို့ ချင်းအမျိုးသား တပ်ဦး က ဦးရွှေခါးက ဘီဘီစီကို ပြောပါတယ်။

ဒီအဖွဲ့ဟာ စပြီး အကောင်အထည်ဖော်တဲ့ အနေနဲ့ ရှမ်းပြည် ဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေး ကော်မတီကို ဇန္နဝါရီလ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တွေမှာ ရှမ်းပြည် က ခိုလမ်မြို့မှာ သွားရောက် ဖွဲ့စည်းမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ