ရွှေ့ပြောင်းလုပ်သားတွေ အရေး ထိုင်း-မြန်မာ ဆွေးနွေး

  • 9 ဇန်နဝါရီ 2016
_migrant_workers ဓာတ်ပုံ မူပိုင် Getty Images
Image caption ထိုင်းမှာ မြန်မာ ရွှေ့ပြောင်း လုပ်သား ၂ သန်းခွဲကျော် ရှိနိုင်တယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်လို့ ထိုင်း နဲ့ မြန်မာ အစိုးရ တာဝန်ရှိ သူတွေဟာ ဇန်နဝါရီလ ၈ ရက်နေ့က စလို့ ရန်ကုန်မှာ ၂ရက်ကြာ ဆွေးနွေးနေပါတယ်။

နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက ကိုယ်စားလှယ် တက်ရောက်ကြတဲ့ ဆွေးနွေး နေကြတာ ဖြစ်ပါတယ်။

ထိုင်း နိုင်ငံ ထဲမှာ ဗီဇာ သက်တမ်း ကုန် အလုပ်သမားတွေ ဆက်လက် နေထိုင် အလုပ်လုပ်ကိုင် ခွင့် ရရှိ လာအောင် မြန်မာ ဘက်က အဲဒီ အလုပ်သမား ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတဲ့ သက်သေခံ လက်မှတ် Certificate of Identity ထုတ်ပေး နိုင်ရေး ကိစ္စ ကို ဆွေးနွေးခဲ့တယ် လို့ အလုပ်သမား ဝန်ကြီးဌာနက အမြဲတန်း အတွင်းဝန် ဦးမျိုးအောင်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင် ထိခိုက် ဒဏ်ရာရရင် ဥပဒေနဲ့ အညီ လျော်ကြေးရရှိ ရေး နဲ့ အလုပ်ရှင် တစ်ဦးကနေ နောက်တစ်ဦး ဆီကို လွယ်လွယ်ကူကူနဲ့ ပြောင်းရွှေ့ အလုပ်လုပ်ကိုင် နိုင်ရေး အတွက်ပါ ဆွေးနွေးခဲ့တယ် လို့ ဆိုပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံကြား သဘောတူ စာချုပ် MOU ချုပ်ပြီး စေလွှတ် ထားတဲ့ အလုပ်သမား ဦးရေ နှစ်သိန်း နီးပါး ရှိနေသလို သူတို့ရဲ့ စာရင်းဇယား တွေ အရ ထိုင်းမှာ မြန်မာ ရွှေ့ပြောင်း လုပ်သား ၂ သန်းခွဲကျော် ရှိနိုင်တယ် ဆိုပြီး ဦးမျိုးအောင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ