ရခိုင်စစ်ပွဲ ရပ်ဖို့လိုကြောင်း ပြောဆိုနေ

  • 9 ဇန်နဝါရီ 2016
arakan_army
Image caption အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေး ကြရတဲ့ ဒေသခံ အရေအတွက် ရာနဲ့ချီ။

ရခိုင် ပြည်နယ် ထဲ ဖြစ်ပေါ် နေတဲ့ စစ်ပွဲ တွေ ကို အမြန် ဆုံး ရပ်ပြီး တွေ့ဆုံ ဆွေးနွေး ကြဖို့ ရခိုင် ဝါရင့် နိုင်ငံရေး ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဦးအေးသာ အောင် က တိုက် တွန်း လိုက်ပါတယ်။

ကျောက်တော် မြို့နယ် ထဲ အစိုးရတပ် နဲ့ ရက္ခိုင့်တပ်မတော် အေအေ အကြား တိုက်ပွဲ တွေ ပြင်းထန် ခဲ့ပြီး အခု ရက်ပိုင်း မှာပဲ နှစ်ဘက် စလုံး ကနေ အပြန် အလှန် ကြေညာချက် တွေ ထုတ် လာတာ ကြပါတယ်။

အစိုးရ စစ်တပ်ရဲ့ ထုတ်ပြန် ချက် အရ ဒီဇင်ဘာလ ၂၈ ရက် ကနေ ဇန်နဝါရီလ ၄ ရက် အတွင်း တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ခဲ့တာမှာ တပ်ရင်းမှူး တစ်ဦး အပါအဝင် အရာရှိ စစ်သည်တွေ ကျဆုံး ခဲ့သလို၊ ရခိုင်တပ် ဘက်ကတော သုံးယောက် ကျပြီး လက်နက်ခဲယမ်း မီးကျောက်တွေ၊ ရိက္ခာတွေကို သိမ်းဆည်း ရမိတယ်လို့ ဆိုပါတယ်။

အေအေ အဖွဲ့ကို အစွမ်းကုန် ချေမှုန်း သွားမယ် လို့လည်း အစိုးရတပ် ဘက် ပြောဆို ထားပါတယ်။

အေအေကလည်း ဇန်နဝါရီ ၉ ရက် ရက်စွဲ နဲ့ ကြေညာချက် ထုတ်ကာ အစိုးရ ပြောဆိုချက် တွေ ကို တုံ့ပြန် ခဲ့တာမှာ အစိုးရ တပ်ဘက် က အကျအဆုံး ၁၅၀ ဝန်းကျင် ရှိပြီး၊ အယောက် ၂၀၀ နီးပါး ဒဏ်ရာရတယ် လို့ ပြောလာ ပါတယ်။

ဦးအေးသာအောင်ကတော့ အမြစ်ပြတ် ချေမှုန်းဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အတွက် တွေ့ဆုံ ဆွေးနွေးဖို့ နဲ့ စစ်ပွဲတွေ ရပ်ဖို့ လိုတယ်လို့ ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲတွေ ကြောင့် အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေး ကြရတဲ့ ဒေသခံ အရေအတွက် ရာနဲ့ချီ ရှိပြီး ရခိုင် လူထု အကြားမှာလည်း စိုးရိမ်မှု တွေ မြင့်တက် နေတယ် လို့ ကျောက်တော် မြို့နယ်က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောပါတယ်။

ပြည်နယ် အတွင်း စစ်ပွဲ တွေ ရပ်ကြဖို့ ဒေသခံ တွေ ရဲ့ ချီတက် ဆန္ဒပြ တောင်းဆို မှုတွေလည်း မကြာခင် ကပဲ ကျောက်တော်မှာ တစ်ကြိမ်၊ မြောက်ဦးမှာ တစ်ကြိမ် ဖြစ်ပေါ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ