ပရဟိတ ကောလိပ်တစ်ခု ဖွင့်မယ်လို့ နာရေးအသင်း ဥက္ကဌ ပြော

  • 11 ဇန်နဝါရီ 2016
_ffss_anniversary
Image caption အလောင်းပေါင်း ၁သိန်း ၆ သောင်း နီးပါးကို အခမဲ့ သင်္ဂြိုလ်ပေး နိုင် ခဲ့။

၂၀၁၆-၁၇ အတွင်း ပရဟိတ ကောလိပ် တစ်ခု ဖွင့်ပြီးတနိုင်ငံလုံး အနှံ့ စိတ်ဝင် စားသူတွေ လာတက် နိုင်ကြဖို့ ဖွင့်လှစ် သွားမယ် ဆိုပြီး နာရေး ကူညီမှု အသင်း ဥက္ကဌ ဦးကျော်သူက ပြောပါတယ်။

နာရေး ကူညီမှု အသင်း ရဲ့ ရှေ့လုပ်ငန်းစဉ် အကြောင်း ဘီဘီစီ က မေးမြန်း ခဲ့တာမှာ ဦးကျော်သူ က အခုလို ဖြေကြား လာတာ ဖြစ်ပါတယ်။

နာရေးကူညီ မှု အသင်းဟာ ၂၀၀၁ ဇန်နဝါရီ လ မှာ စတင် ထူထောင် ခဲ့တာ ဖြစ်တဲ့ အတွက် အခု အချိန်ဟာ အသင်းရဲ့ ၁၅ နှစ်ပြည့် နှစ်ပတ်လည် အခါသမယ ဖြစ်ပါတယ်။

၁၅ နှစ်တာ ကာ လ အတွင်းမှာ အခက်အခဲ တွေ အမျိုးစုံ တွေ့ကြုံ ခဲ့ရပေမယ့် ကိုယ်ကျိုး မဖက်ပဲ အများ အတွက် လုပ်ဆောင် တာ ဖြစ်တယ် ဆိုတဲ့ သစ္စာ တရား အပေါ် အခြေခံ ပြီး အောင်အောင် မြင်မြင် ကျော် ဖြတ် နိုင်ခဲ့တယ် လို့ နာရေး ကူညီမှု အသင်းရဲ့ ဥက္ကဌ ဦးကျော်သူ က ပြောပါတယ်။

အသင်း တည်ထောင် ပြီး ကတည်း ကနေ အခု အချိန် အထိ အလောင်းပေါင်း ၁သိန်း ၆ သောင်း နီးပါးကို အခမဲ့ သင်္ဂြိုလ်ပေး နိုင် ခဲ့ပြီး၊ ငွေကြေး မတတ် နိုင်တဲ့ လူနာ ၂ သိန်းခွဲ ဝန်းကျင် ကို ဆေးကု သ ပေး တာမျိုး၊ ထူးချွန် တဲ့ ကျောင်းသား တွေ အတွက် ပညာသင် စရိတ် ထောက်ပံ့ ပေး တာမျိုး တွေ ပါ နာရေး ကူညီမှု အသင်း က လုပ် ဆောင် ခဲ့တယ် လို့ ဦးကျော်သူက ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင် တိုင်းပြည် မှာ သဘာဝဘေး၊ စစ်ဘေး ဒဏ် ကြုံရတဲ့ သူတွေ အတွက် လည်း ကူညီ စောင့်ရှောက် တဲ့ ပရဟိတ လုပ်ငန်း တွေကို အသင်း အနေနဲ့ ဆောင်ရွက် ပေး နိုင်ခဲ့တယ် လို့ ဆိုပါတယ်။

နာရေး ကူညီမှု အသင်း ရဲ့ လှုပ်ရှားမှု တွေ မှာ အာဏာပိုင်တွေ ဘက်က ပိတ်ပင် တားဆီး တာမျိုး တွေ သာမက ဖမ်းဆီး မယ် ဆိုတဲ့ ခြိမ်းခြောက် တာမျိုး တွေ အထိ ကြုံတွေ့ ခဲ့ရတယ် လို့လည်း ဦးကျော်သူက ပြန်ပြောပြပါတယ်။

ဒီလို အခက်အခဲ တွေ ကြားထဲက ပဲ ဇန်နဝါရီ ၁၀ ရက် တနင်္ဂနွေ နေ့မှာတော့ အသင်း တည်ထောင်တာ ၁၅ နှစ်ပြည့် အခမ်းအနား ကျင်းပ နိုင်တဲ့ အထိ နာရေး ကူညီမှု အသင်း ရပ်တည် လာနိုင် ခဲ့ ပါတယ်။

ရန်ကုန် နာရေး ကူညီမှု အသင်းမှာ ကျင်းပခဲ့တဲ့ ၁၅ နှစ်ပြည့် အထိမ်းအမှတ် ပွဲကို သီဆို ဖျော်ဖြေမှုတွေ၊ အက နဲ့ ဇာတ်လမ်း သရုပ်ဖော် တင်ဆက်မှုတွေ နဲ့ တခမ်းတနား ပြုလုပ် ခဲ့တာ မှာ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ရဲ့ နာယက ဦးတင်ဦး တက်ရောက်ပြီး စကား ပြောကြား ခဲ့သလို၊ နာရေး အသင်း က ပရဟိတ သမားတွေ၊ အနုပညာ ရပ်ဝန်းက သူတွေ လည်း ပူးပေါင်း ပါဝင် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ